မိုးရာသီနဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဒေါနတနင်္သာရီအဖွဲ့တိုက်တွန်းချက်ထုတ်ပြန်

မိုးရာသီနဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဒေါနတနင်္သာရီအဖွဲ့တိုက်တွန်းချက်ထုတ်ပြန်

ဓာတ်ပုံ - ဒေါနတနင်္သာရီ

မိုးရာသီရောက်လာချိန်မှာ တိုက်ပွဲတွေဖြစ်ပွားလို့ စစ်ကိုရှောင်ကြရမယ်ဆိုရင် ပိုပြီးပင်ပန်းဆင်းရဲ မဖြစ်ရအောင် ဒေါနတနင်္သာရီအဖွဲ့က အကြံပြုချက် (၈)ချက် ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်မဟုတ်ဘဲ နေ့စဥ်ဘဝကို သက်တောင့်သက်သာဖြတ်သန်းရတဲ့သူတွေ အနေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနဲ့ လူသုံးကုန်ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးကြဖို့ ကိုလည်းထုတ်ပြန်ချက်မှာတိုက်တွန်းနှိုးဆော်ထားပါတယ်။

( ၁ ) အရေးပေါ်အခြေအနေအတွက် ကြိုပြီးပြင်ဆင်ဖို့၊ မိမိနေထိုင်ရာဒေသမှာ စစ်ပွဲဖြစ်ပွားလာရင် လိုက်နာသင့်တဲ့ အချက်တွေ၊ အကြံပြုထားတာတွေကို ကြိုတင်လေ့လာ ပြင်ဆင်ထားကြပါ။ စစ်ပွဲဖြစ်ပွားရာဒေသက မိမိရဲ့ အသိမိတ်ဆွေတွေကို အသိပညာမျှဝေပေးကြပါ။ (လေ့လာပြင်ဆင်လို့ရအောင် အောက်ဆုံးမှာ Links တွေထည့်ပေးထားပါတယ်။)

( ၂ ) လုံခြုံတဲ့နေရာကိုရွှေ့ပြောင်းဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေနဲ့ လူသားစာနာလုပ်နေကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံပါ။

( ၃ ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို အထူးသတိပြု လိုက်နာပါ။

( ၄ ) သွေးလွန်တုပ်ကွေးကိုအထူးသတိပြုပါ။
– သွေးလွန်တုပ်ကွေးဖြစ်ပါက သာမာန်တုပ်ကွေးလို ဆေးသောက်ရုံနဲ့မပြီးဘဲ သွေးသွင်းဖို့လိုအပ်လာနိုင်တဲ့အတွက် သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် ဆေးရုံဆေးခန်းတွေမှာ ကုသတာက အကောင်းဆုံးပါ။
– တောထဲတောင်ထဲမှာ စစ်ရှောင်နေရင်း သွေးလွန်တုပ်ကွေးဖြစ်လာရင် အသက်အန္တာရယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်တာမို့ သွေးလွန်တုပ်ကွေးကို အထူးဂရုစိုက်ကြပါ။
– ခြင်ကြောင့် အဓိကဖြစ်တဲ့အတွက် မိမိနေထိုင်တဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
– ခြင်ကိုက်မခံရအောင်နေပါ။

( ၅ ) ငှက်ဖျားအထူးဂရုစိုက်ပါ။
– မိုးဦးရာသီဖြစ်တာကြောင့် ငှက်ဖျားလူနာတွေ ပိုများလာတာတွေ့ရပါတယ်။ ငှက်ဖျားအမြစ်ပြတ်ဖို့ ငှက်ဖျားဆေးကို စနစ်တကျသောက်သုံးနိုင်ပေမယ့် ကုသဖို့အဓိက လိုအပ်တဲ့ ဆေးဝါးနဲ့ Test Kits များ အလွယ်တကူမရနိုင်တဲ့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
– နောက်တစ်ချက်က စိုစွတ်အေးမြတဲ့ ရာသီဥတုဖြစ်တဲ့အတွက်ကြောင့် အမိုးအကာ၊ အနွေးအထည် အလုံအလောက်မရှိပဲ တောတောင်တွေထဲမှာ အဆင်ပြေသလိုရွှေ့ပြောင်းသွားလာရင်း ငှက်ဖျားဖြစ်လာခဲ့ရင် အသက်အန္တာရယ်စိုးရိမ်ရတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ပေါ့ဆလို့မရပါဘူး။
– ခြင်ကြောင့် အဓိကဖြစ်တဲ့အတွက်ကြောင့် မိမိနေထိုင်တဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
– ခြင်ကိုက်မခံရအောင်နေပါ။

( ၆ ) အစုအဝေးနဲ့နေဖို့အကြံပြုပါတယ်။
– စစ်ရှောင်စခန်းလိုနေရာရှိရင် စစ်ရှောင်စခန်းတွေကိုရွှေ့ပြောင်းနေထိုင်ပါ။ မိမိစိတ်ထင်ရာ၊ အားသန်ရာကိုတွေးပြီး တောတောင်နဲ့ ဥယျာဥ်တွေထဲကို ရွှေ့ပြောင်းနေထိုင်တာမျိုးလုပ်ရင် ပိုအခက်တွေ့နိုင်ပါတယ်။
– အခုလိုမျိုးရာသီဥတုမှာ မိမိတစ်ယောက်တည်းပဲ့ဖြစ်စေ၊ မိမိ၏မိသားစု တစ်စုတည်းပဲ့ဖြစ်စေ တောတောင်များထဲ အဆင်ပြေသလိုရွှေ့ပြောင်းနေထိုင်ခြင်းထက် အစုအဝေးဖြင့်နေထိုင်ခြင်းက ပိုအဆင်ပြေပါတယ်။ (အစုအဝေးလို့ဆိုတာကလည်း အစီစဥ်စနစ်တကျမရှိဘဲ လူဦးရေအများအပြား စုဝေးနေထိုင်ကြတာမျိုးကို မဆိုလိုပါဘူး။)

( ၇ ) ဖြစ်နိုင်ရင် ရေကိုကြိုချက်သောက်သုံးပါ။
– မိုးရာသီမှာ ရေပိုပိုလျှံလျှံရနိုင်ပေမယ့် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ ခက်ခဲပါတယ်။ သန့်ရှင်းတဲ့ရေ မသောက်သုံးရရင် ဝမ်းပျက်ဝမ်းလျောအပြင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းအများကြီးရှိလာနိုင်သောကြောင့် အထူးဂရုပြုသင့်ပါတယ်။

( ၈ ) အဆိပ်ရှိသတ္တဝါ (ဥပမာ – မြွေ၊ ကင်း) အန္တရာယ် အထူးဂရုစိုက်ပါ။

– အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်များ။
ဒေါနတနင်္သာရီ၏ အကြံပြုချက်
https://www.facebook.com/102130295437560/posts/144865197830736/
NUG လူသားစာနာဝန်ကြီးဌာန၏ အကြံပြုချက်များ
Part – 1
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522
Part – 2
https://www.facebook.com/100188938917522/posts/160626366207112/
Part – 3
https://www.facebook.com/100188938917522/posts/161999992736416/
Part – 4
https://www.facebook.com/100188938917522/posts/162721162664299/
Part – 5
https://www.facebook.com/100188938917522/posts/163716175898131/