ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတချို့ ပုံမှန်ရုံးချိန်းထွက်ခွင့်မရ

ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတချို့ ပုံမှန်ရုံးချိန်းထွက်ခွင့်မရ

ထားဝယ်ထောင်မှာ အကျဥ်းကျခံနေရတဲ့နိုင်ငံရေးအကျဥ်းသားတချို့ ပုံမှန်ရုံးချိန်းထွက်ခွင့်မရကြဘူးလို့ ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အမှုတွဲများတဲ့နိုင်ကျဥ်းတချို့ဆိုရင် ထောင်ထဲကတရားရုံးကိုတောင် ရုံးချိန်းမထွက်ရတာ တစ်လကျော်အထိရှိပြီလို့သိရပါတယ်။

“ရုံးချိန်းက တချို့တလေကိုပဲထုတ်တယ်။ အပြင်မှာအခြေနေသိပ်မကောင်းရင်လည်း ရုံးချိန်းမထုတ်တော့ဘူး။ တရားခွင်တွေမှာလည်း အများစုကရှေ့နေမရှိတော့ သူတို့သဘောအတိုင်းလုပ်တာပဲ” လို့ အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဧပြီလလောက်မှစကာ ခရိုင်တရားရုံးနဲ့မြို့နယ်တရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးတာမျိုးမလုပ်ဘဲ ထောင်တွင်းမှာပဲ တရားရုံးဖွင့်လှစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဆေးနေတာအခုအချိန်ထိပါပဲ။

အမိန့်ချရာမှာလည်း ရှေ့နေတွေ၊ မိသားစုဝင်တွေ၊ သက်သေတွေ အကုန်လုံးကို ကြားနာခွင့်မပေးဘဲ တရားရုံးတံခါးပိတ်ပြီး တဖက်သတ် အမိန့်တွေကို ချမှတ်နေခဲ့တာပါ။

အခုလက်ရှိမှာ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း ပိတ်ထားဆဲဖြစ်ပြီး စာရေးဆက်သွယ်တာကိုလည်း တင်းကြပ်လိုက်တာကြောင့် တခြားမြို့နယ်တွေကအကျဥ်းသားတွေဆိုရင် အိမ်နဲ့အဆက်အသွယ်ရဖို့ ခက်ခဲနေတယ်လို့လည်းသိရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၅၀၀ ဝန်းကျင်ရှိပြီး တရားရင်ဆိုင်နေတဲ့နိုင်ကျဥ်း အများစုဟာလည်း လိုက်ပါပေးတဲ့ရှေ့နေတွေမရှိကြပါဘူး။