စစ်တပ်စစ်ကြောင်းထိုးဝင်လာတဲ့ မဲချောင်း၊ ပကာရီနဲ့ ပခပ်ရွာတွေမှာ နေအိမ် ၁၀ ခန့် ကျည်ထိမှန်ပျက်စီးပြီး အိမ် သုံးဆောင်ထက်မနည်း မီးရှို့ဖျက်ဆီးခံရ
စစ်တပ်စစ်ကြောင်းထိုးဝင်လာတဲ့ မဲချောင်း၊ ပကာရီနဲ့ ပခပ်ရွာတွေမှာ နေအိမ် ၁၀ ခန့် ကျည်ထိမှန်ပျက်စီးပြီး အိမ် သုံးဆောင်ထက်မနည်း မီးရှို့ဖျက်ဆီးခံရ
ထားဝယ်မြို့နယ်က မဲချောင်း၊ပကာရီနဲ့ ပခပ် ကျေးရွာတွေထဲ စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ နေအိမ် တချို့ ကျည်ထိမှန်ခဲ့ပြီး တချို့နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
မေလ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းဘေးဝဲယာကို အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၁၀ ခန့် ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။
တချို့နေအိမ်တွေကို အိမ်တံခါးတွေရိုက်ဖျက်ကာဝင်ရောက်ခဲ့ကြတဲ့အပြင် အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုလည်းခိုးယူသွားတယ်လို့သိရပါတယ်။
၁၆ ရက်နေ့မှာတော့ မဲချောင်းရွာက နေအိမ် ၄ ဆောင်လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ အဲဒီရွာတွေကိုစစ်ကြောင်းထိုးလာခဲ့တာပါ။
” မဲချောင်းကနေ တောက်လျှောက်လမ်းဘေးဝဲယာ ပစ်ပြီးဝင်လာတာ။ကျနော့်ကိုတွေ့လို့ စစ်ကားနှစ်စီးလိုက်လာလို့ ၁ မိုင် ကျော်လောက် ပြေးလိုက်ရသေးတယ်။ ကံကောင်းလို့ မမိတာ” လို့ တိမ်းရှောင်နေရသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အချိန်မှာ အင်အားအတော်များပြီး အရှေ့ဆုံးက စက်လက်နက်တပ်ဆင်ထားတဲ့ကားတစ်စီးနဲ့ အလယ်မှာ ကျည်ဆံတွေ လက်နက်တွေတင်ဆောင်လာတဲ့ ၁၂ပေ ကင်တာ ကားတစ်စီး လိုက်လာပြီး အနောက်မှာ ရိက္ခာတွေသယ်လာတဲ့ စစ်ကားတွေ ပါတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပကာရီရဲကင်းစခန်းမှာ အင်အား ၃၀ ခန့်၊ ပခပ်ရွာနဲ့ ရမ္မဇူရွာအကြားမှာ တချို့ နေရာယူထားပြီး ညနေဘက်အချိန်တွေမှာ အရပ်ဝတ်နဲ့ ရွာအတွင်းကင်းလှည့်သွားနေတာတွေ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။
ကျေးရွာသားအများစုကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဝင်ရောက်လာချိန်မှာပဲ တိမ်းရှောင်ထွက်ပြေးနေကြပါတယ်။
The Tanintharyi Times
