ထိုင်း-မြန်မာနယ်စပ် ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေနေ၊ ပြည်သူ ၁၅ ဦးခန့် ဖမ်းဆီးခံထားရ

ထိုင်း-မြန်မာနယ်စပ် ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေနေ၊ ပြည်သူ ၁၅ ဦးခန့် ဖမ်းဆီးခံထားရ

အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ရှမ်းကိုးရွာနယ်စပ်မှာ နယ်မြေရှင်းလင်းရေးကို လွန်ခဲ့တဲ့ ငါးရက်ကစပြီး လုပ်နေတဲ့အတွက် ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းကိုးရွာဒေသထဲက အောင်ချမ်းသာနဲ့ ရေတွင်းတောင် ကျေးရွာတွေကို အခုလ ၁၃ ရက်နေ့က စတင်ဝင်ရောက်ရှာဖွေခဲ့ပြီး အောင်ချမ်းသာရွာက ရွာသား ၅ ဦးကိုဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ရက်တွေမှာတော့ မာရမ်းကျေးရွာက ဆိုင်ကယ်ပြင်သမားတစ်ဦးကို ကျည်ဆံတွေနဲ့အတူတွေ့လို့ဆို​ပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသလို အခုလ ၁၇ ရက်နေ့ကလည်း ဖော့သုတ်ရွာကနေတစ်ဆင့် ထိုင်းနိုင်ငံသို့သွားမဲ့ ယောကျာ်း ၈ ဦးနဲ့ အမျိူးသမီး ၁ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက တစ်ဆငါ့ သိရပါတယ်။

”၁၃ရက်နေ့တုန်းကစဆင်းလာတာ။ ယုဇနကုမ္ပဏီပိုင် ဆီအုန်းတင်တဲ့ကားကြီး ၃စီး ကားငယ် ၂စီး နဲ့ ဆင်းလာတာ။ အင်အားက ၈၀၊ ၁၀၀ ကြားရှိမယ်။ ကျေးရွာချင်းဆက် လမ်းတွေမှာလည်းကင်ပုန်းချပြီး ရှောင်တခင်စစ်ဆေးတာတွေလုပ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ကျန်တဲ့ကျေးရွာတွေကိုပါ ဆက်လက်ရှာဖွေဖို့လုပ်နေတယ်လို့သိရပြီး ရှမ်းကိုးရွာဒေသထဲက ကျန်တဲ့ မြိုင်သာယာ၊ ပါကလပ်၊ ဝိုင်ဒင်း ကျွေးရွာအုပ်စုက ပြည်သူတွေလည်းတိုက်ပွဲတွေဖြစ်ပွားလာမှာစိုးရိမ်တာကြောင့် ထိုင်းနိုင်ငံထဲကို စစ်ရှောင်တဲ့အနေနဲ့ ကြိုတင်သွားရောက်နေကြတယ်လို့ သိရပါတယ်။

အဆိုပါရှမ်းကိုးရွာဒေသဟာ pdf တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေမကြာခဏရှာဖွေတဲ့ဒေသဖြစ်သလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပျူစောထီးတွေ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

The Tanintharyi Times