လူထုအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ရှိတ်ဟာဆီနာကို မျက်ကွယ်သေဒဏ်ချမှတ်

လူထုအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ရှိတ်ဟာဆီနာကို မျက်ကွယ်သေဒဏ်ချမှတ်

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

ကျောင်းသား၊ လူငယ်တွေ ဦးဆောင်တဲ့ လူထုအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းရာမှာ အမိန့်ပေးခဲ့သူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ကို ဒါကာမြို့ မှာရှိတဲ့ တရားရုံးက မျက်ကွယ် သေဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ အရေးတော်ပုံကြောင့် ရာထူးက ဆင်းပေးခဲ့ရပြီး နိုင်ငံပြင် ပကို ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကိုလူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကျူးလွန်တယ်လို့ ဆိုကာ ဒါကာမြို့ရှိ တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ်ချမှတ်လိုက် တာလို့ နိုင်ငံတကာ သတင်းတွေကဖော်ပြပါတယ်။

ရှိဟာဆီနာ အပြင် ပြည်ထဲရေးဝန်ကြီးဟောင်း အာဆာဒူဇာမန်ခန်းကိုပါ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က ဘင်္ဂလားဒေ့ရှ် ရဲချုပ်အဖြစ်ဆောင်ရွက်ခဲ့တဲ့ ချောင်ဒရီ အဗ္ဗဒူလာ အယ်လ်-မာမွန် ကိုတော့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမှုကို စစ်ဆေးရာမှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ရဲချုပ်ဟောင်း အယ်လ်-မာမွန် သက်ညှာစွာတရားစီရင်ခဲ့တာလို့ တရားရုံးတာဝန်ရှိသူတွေက ပြောပါတယ်။

ရှိတ် ဟာဆီနာအား လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေးမှု ၊ လူထောင်ပေါင်းများစွာ သေဆုံးစေမှု၊ အာဏာပိုင်တွေ ဆန္ဒပြသူတွေကို သတ်ဖြတ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးတွေ အပြင်၊ လူထောင်ပေါင်း များစွာကို သွေးထွက်သံယို ဖြစ်စေတဲ့ အထိ အကြမ်းဖက်ဖို့ ခိုင်းစေမှု ၊ ဝန်ကြီး ချုပ်တာဝန်ထမ်းဆောင်ချိန် နိုင်ငံသားတွေကို အကြမ်းဖက်မှု အန္တရာယ် ကနေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာတွေကြောင့် အခုလို သေဒဏ်ချမှတ်တာလို့ အဲ့ဒီအမှုကို စိစစ်ခဲ့တရား သူကြီးတွေက ပြောပါတယ်။

အဲ့ဒီအမှု ကို စစ်ဆေးခဲ့တဲ့ ဒါကာမြို့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး က တရားသူကြီးတစ်ဦးဖြစ်တဲ့ ဂိုလမ်မော်တူဇာမိုဇမ်ဒါး က “စွပ်စွဲခံရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ ဒရုန်းတွေ ၊ ရဟတ်ယာဉ်တွေ နဲ့ သေစေနိုင်သော လက်နက်တွေကို သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာပါ။ ဒါဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဟာဆီနာဘက်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ လူမှု ကွန်ရက်ကတဆင့် ငြင်းဆိုထားပြီး တရားရုံး ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး လိမ်လည်မှုတစ်ခုသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရှိတ်ဟာဆီနာ ပြီးခဲ့တဲ့နှစ်ကတည်းက ဘင်္ဂလားဒေ့ရှ် ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ က ရှိတ်ဟာဆီနာကို ပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ပေမယ့် အိန္ဒိယ အစိုးရက လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် တရားရုံးက အမှုကို စီရင်ချက်ချဖို့ ပြင်ဆင်နေချိန် အိန္ဒိယ ရောက်နေတဲ့ ရှိတ် ဟာဆီနာက “သူတို့ ဘယ်လို စီရင်ချက်ကို ကြေညာပါစေ ကျွန်မအတွက် အရေးမကြီးပါဘူး။ အလ္လာဟ်အရှင်မြတ်က ဒီဘဝကို ပေးခဲ့တာဖြစ်ပြီး သူသာ ဒီဘဝကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်မ ပြည်သူတွေကို ဆက်လက် အစေခံသွားမှာပါ” လို့လည်း လူမှုကွန်ရက်ကတဆင့် တုန့်ပြန်ခဲ့ပါတယ်။

အဆိုပါ ရုံးချိန်းမတိုင်ခင် ဒါကမြို့က တရားရုံးပတ်ဝန်းကျင်မှာ ပေါက်ကွဲမှု အသေးစား တစ်ခု လည်း ပွားခဲ့ပြီး အမှုကို အမိန့်ချနေချိန် မြို့တော်ရဲ့ လုံခြုံရေး ကိုတင်းကျပ်ထားတယ်လို့လည်းသိရပါတယ်။

နိုင်ငံရဲ့ အာဏာကို ၁၅ နှစ်တိတိရယူခဲ့တဲ့ ရှိတ်ဟာဆီနာ ဟာ သူမရဲ့ နိုင်ငံရေးအာဏာကို အသုံးချပြီး ရွေးကောက်ပွဲ မဲမသမာမှုတွေ လုပ်တာ၊ အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်ခြစားသူတွေကို မျက်ကွယ်ပြုထားတာ၊ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းစေတာ၊ အတိုက်အခံ အင်အားစုတွေကို ဖမ်းဆီး အကျဉ်းချတာတွေကြောင့် နိုင်ငံတစ်ဝန်းက ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြခဲ့ကာ ဟာဆီနာ အစိုးရကို ဖြုတ်ခဲ့တာဖြစ်ပါတယ်။

ကိုးကား – ဂါးဒီယန်း

The Tanintharyi Times