စတိုရီစိတ်ကူးတွေ ထုတ်လုပ်ခြင်း
စတိုရီစိတ်ကူးတွေ ထုတ်လုပ်ခြင်း
အခန်း(၄)
သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ
စတိုရီအိုင်ဒီယာတွေထုတ်လုပ်ဖို့အတွက် အရေးအကြီးဆုံးကတော့ သတင်းဆောင်းပါးကောင်းတွေကို အမြဲမပြတ် ဖတ်နေဖို့ပါပဲ။ ဖတ်တဲ့အခါမှာ နှစ်ပိုင်းခွဲပြီး ကြည့်ကြစေချင်ပါတယ်။
တစ်ခုကတော့ ဒီဆောင်းပါးထဲမှာ ဘာတွေပါလဲဆိုတဲ့ Content ဖြစ်ပါတယ်။ ဆောင်းပါးထဲမှာ ပါသင့်တာ ဘာတွေပါလဲဆိုတာနဲ့ ပါသင့်ပြီးမပါတာ ဘာတွေလဲဆိုတာကို သတိထားကြည့်ဖို့ပါ။ နောက်တစ်ခုကတော့ စာရေးသူဟာဘယ်လိုပုံစံနဲ့ ရေးဖွဲ့ထားသလဲဆိုတဲ့ Form ဖြစ်ပါတယ်။ Contentနဲ့ Form ကိုလေ့လာတာဟာ အရမ်းအကျိုးများပါတယ်။
သတင်းဆောင်းပါးတွေဖတ်ရင်းနဲ့ ကိုယ်သာဒီဆောင်းပါးကို ရေးရမယ်ဆိုရင် သူနဲ့မတူတဲ့၊ သူ့ထက်သာတဲ့ ဘယ်ရှုထောင့်ကရေးမယ်ဆိုတာကိုလည်း လိုက်တွေးနေသင့်ပါတယ်။
တချို့ သတင်းခန်းတွေမှာ သတင်းထောက်တွေကို အကြောင်းအရာ(Beat) အလိုက်ခွဲခြားပြီး တာဝန်ပေးလေ့ ရှိကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ Beatတစ်ခုထဲမှာ ပိတ်မိနေတာမျိုး မဖြစ်စေချင်ပါဘူး။ နိုင်ငံရေးကို စီးပွားရေးနဲ့ ခွဲထုတ်လို့မရသလို ကျန်းမာရေးကိုလည်း ပညာရေးနဲ့ ခွဲထုတ်ဖို့ ခက်ပါတယ်။
ဒါကြောင့် စတိုရီအိုင်ဒီယာတွေ စဉ်းစားတဲ့အခါ Box အပြင်ကိုထွက်ပြီး စဉ်းစားကြစေချင်ပါတယ်။ ရုတ်တရက် ပေါ်လာတဲ့စိတ်ကူးတွေကို မမေ့ခင်ချရေးဖို့အတွက် ဘောလ်ပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်လေးတစ်အုပ်ကလက်တစ်ကမ်းမှာ အမြဲရှိသင့်ပါတယ်။
စတိုရီအိုင်ဒီယာတွေနဲ့ ပတ်သက်ရင် အရေးအကြီးဆုံးခံယူထားရမယ့်အချက်ကတော့ နေရာတိုင်းမှာ၊ လူတိုင်းမှာ
စတိုရီရှိတယ်ဆိုတာပါပဲ။
အခန်း (၃) မှာ ဆွေးနွေးခဲ့တဲ့ ချားလ်စ်ကူးရော့ကို သတိရဖို့ပါပဲ။ ကားတစ်စီးနဲ့ အမေရိကန် တနံတလျားသွားပြီး On the Road ဆိုတဲ့အစီအစဉ်ကို တင်ဆက်ခဲ့တာပါ။ သူယုံကြည်တာကတော့ လူသာမန်တွေ မှာလည်း ပြောပြစရာစတိုရီတွေရှိတယ်ဆိုတာပါပဲ။
နောက်တစ်ယောက်ကတော့ ဂျင်မီဘရက်စလင် (Jimmy Breslin) ဖြစ်ပါတယ်။ သူက ပူလစ်ဇာဆု နှစ်ကြိမ်ရထားတဲ့ အမေရိကန်ဂျာနယ်
လစ်ပါ။ သူ့ကိုပြည်သူတွေရဲ့ချန်ပီယံလို့လည်း ညွှန်းဆိုကြပါတယ်။ သူ့ရဲ့ စတိုရီတွေဟာ သာမန်ပြည်သူတွေရဲ့ဘဝနဲ့ ဖြတ်သန်းမှုကိုသရုပ်ဖော်ပြလို့ပါပဲ။
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါ ဂျင်မီက ဆောင်းပါးနှစ်
ပုဒ်ရေးခဲ့ပါတယ်။
ပထမတစ်ပုဒ်ကတော့ ကနေဒီ သေနတ်ဒဏ်ရာနဲ့ ဆေးရုံကိုရောက်လာတဲ့အခါ ခွဲစိတ်ကုသပြီးအသက်ကယ်ဖို့ ကြိုးစားခဲ့တဲ့ဆရာဝန်အကြောင်းဖြစ်ပြီး၊ နောက်တစ်ပုဒ်ကတော့ သမ္မတကနေဒီကို အာလင်တန်အမျိုးသားအာဇာနည်ဗိမာန်မှာ မြှုပ်နှံဖို့ တွင်းတူးပေးရတဲ့ သုဘရာဇာအလုပ်သမား အကြောင်းဖြစ်ပါတယ်။
စတိုရီအိုင်ဒီယာတွေ ထုတ်လုပ်တဲ့နေရာမှာတော့ ဂျင်မီဘရက်စလင်ဟာ အင်မတန်ပြောင်မြောက်သူတစ်ဦးပါပဲ။ အခုထက်ထိ သူ့ရဲ့ဆောင်းပါးကို အာလင်တန်အာဇာနည် ဗိမာန်က သူတို့ဝက်ဆိုက်မှာဖော်ပြထားကြပါတယ်။
အထက်မှာ စာရေးသူပြောခဲ့သလိုပဲ တကယ်ကောင်းတဲ့ ဆောင်းပါးတွေဟာ Timeless တွေဖြစ်ပါတယ်။ အချိန်ရဲ့ တိုက်စားမှုဒါဏ်ကို ခံနိုင်တဲ့အရည်အသွေး ရှိကြပါတယ်။
တစ်ခါက မြန်မာလူငယ်သတင်းထောက်တစ်ဦးဟာ နိုင်ငံအတွင်းမှာ တရားမဝင်ရောင်းဝယ်နေကြတဲ့ Without ကားဈေးကွက်ကို စုံစမ်းထောက်လှမ်းဖို့အတွက် တရားမဝင် ကားတစ်စီးနဲ့အတူ မြဝတီကနေ လားရှိုးအထိ ကိုယ်တိုင် လိုက်သွားခဲ့ပါတယ်။ လမ်းမှာဂိတ်တွေကို အဆင့်ဆင့် လာဘ်ထိုးရတာတွေနဲ့ တခြားသတင်းအချက်အလက်တွေကို အသေးစိတ် ရခဲ့ပါတယ်။ အထိုက်အလျောက်အန္တရာယ်ရှိပေမယ့် ထူးခြားတဲ့သတင်းဆောင်းပါးတစ်ပုဒ်ကို ရရှိသွားခဲ့ပါတယ်။
တစ်ခါတလေမှာ ကိုယ်ထုတ်ခဲ့တဲ့ အိုင်ဒီယာထက်ပိုပြီး ကောင်းမွန်အံ့ဩစရာကောင်းတဲ့ အကြောင်းအရာတွေကို သတင်းလိုက်တဲ့အခါမှာ ရရှိတတ်ပါတယ်။
ယခုစာအုပ် ရေးသူဟာ လွန်ခဲ့တဲ့နှစ်အစိတ်ခန့်က သတင်းဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။ အကြောင်းအရာကတော့ မြန်မာနိုင်ငံကဘုရားပွဲတော်တွေမှာ မရှိမဖြစ်အရေးပါခဲ့တဲ့ ဇာတ်ပွဲကြီးတွေ ဘာလို့တဖြည်းဖြည်း တိမ်ကောလာတာ လဲဆိုတဲ့ အကြောင်းအရာပါ။ အဲဒီအချိန်က ထင်ရှားတဲ့ဇာတ်ဆရာတွေ၊ ဇာတ်မင်းသားတွေ၊ ကန်ထရိုက်တာတွေကိုအင်တာဗျူးလုပ် စကားပြောခဲ့ပါတယ်။
ကိုယ်ထင်ထားခဲ့တာထက် ပိုအံ့သြစရာကောင်း တဲ့အရာတွေကို သိခဲ့ရပါတယ်။ ၈၈၈၈ အရေးအခင်းပြီးတော့ ပေါ်ပေါက်လာတဲ့ညမထွက်ရအမိန့်က ဘုရားပွဲတွေနဲ့ ဇာတ်ပွဲတွေကို ဇာတ်ခေါင်းကွဲစေခဲ့တာတွေ၊ နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ ဗီဒီယိုယဉ်ကျေးမှုရဲ့ ဂယက်တွေ၊ ရုပ်သံနဲ့ ကြော်ငြာတစ်ခေတ် ဖြစ်လာတာတွေ စတဲ့အချက်တွေက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နှစ်ရာနဲ့ချီပြီဖြစ်တဲ့ ဒိုင်နိုဆောခေတ်ကြီးကို တိမ်ကောစေခဲ့တာပါ။အမှတ်တရ ဖြစ်ခဲ့ရတဲ့အတွေ့အကြုံပါ။
ယခုစာရေးသူအင်မတန်ကြိုက်တဲ့ စတိုရီစိတ်ကူးတစ်ခုကို ပြောပြချင်ပါသေးတယ်။ အထက်မှာပြောခဲ့ဖူးတဲ့ ဆက်သ်မိုင်ဒန်စ်ရဲ့ဆောင်းပါး ပါပဲ။ ဆောင်းပါးအမည်ကတော့ ဇစ်ပိုမီးခြစ်များရဲ့ဉာဏ်ပညာ – ဗီယက်နမ်စစ်ပွဲကပေးစာလေးများ (The Wisdom of the Zippo Lighter, Tiny Missives from Vietnam War) ဖြစ်ပါတယ်။ နည်းနည်း ဖတ်ကြည့်ရအောင်ပါ။
ဟိုချီမင်းစီးတီး၊ ဗီယက်နမ် – ဒီဇင်ဘာ ၇၊ ၂၀၀၆
- “ထည့်မရေးပါနဲ့” လို့ ဘရက်ဒ်ဖို့အဒ်ဝဒ်စ်ကပြောပါတယ်၊ တကယ်တော့ သိပြီးသားကိစ္စကြီးပါ။
“ထည့်မရေးပါနဲ့၊ ကျွန်တော်က ဗီယက်နမ်က ဇစ်ပိုမီးခြစ်တွေကို အရမ်းစွဲလမ်းနေတယ်”။ သူဟာ ဒီသတ္ထုမီးခြစ်တွေကို ရာနဲ့ချီပြီး စုဆောင်းပါတယ်၊ လေ့လာပါတယ်၊ အမှတ်တရပစ္စည်းတွေအဖြစ် တန်ဘိုးထားပါတယ်။
ဆောင်းပါးက ဘာအကြောင်းလဲဆိုတော့ ဗီယက်နမ်စစ်ပွဲကာလတုန်းက အမေရိကန်စစ်သားတွေအသုံးပြုခဲ့တဲ့ ဇစ်ပိုမီးခြစ်လေးတွေအကြောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ကတည်းက အမေရိကန်စစ်သားအများစုဟာဇစ်ပိုမီးခြစ်လေးတွေ ဆောင်လေ့ရှိတာဟာ အလေ့အထတစ်ခု ဖြစ်ခဲ့ပါတယ်။
ဗီယက်နမ်စစ်ပွဲမှာတော့ သူတို့ဟာသေခြင်းတရားနဲ့ နီးနီးကပ်ကပ်ရင်ဆိုင်လာရတဲ့အခါ သူတို့ရဲ့ သတ္တုမီးခြစ်တွေမှာ သူတို့ရဲ့ခံစားချက်တွေကို စာနဲ့ထွင်းကြပါတယ်။ ဘရက်ဒ်ဖို့အဒ်ဝဒ်စ်ဆိုသူက ဒီမီးခြစ်လေးတွေကို နှစ်ပေါင်းများစွာ ပြန်လည်စုဆောင်းခဲ့တာ တစ်သောင်းကျော်လောက် သိမ်းဆည်းမိခဲ့ပါတယ်။ ဇစ်ပိုကုမ္ပဏီကတော့ ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်စစ်သားတွေ ဇစ်ပို မီးခြစ် ၂ သိန်းလောက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
မီးခြစ်လေးတွေပေါ်မှာ ထွင်းထားတဲ့စာသားတွေက ဒီဆောင်းပါးရဲ့အသက်ပါပဲ။
“ကျွန်တော်နတ်ပြည်ကိုရောက်မယ်ဆိုတာသိတယ်၊ ဘာလို့လဲဆိုတော့ ဗီယက်နမ်ဆိုတဲ့ငရဲမှာနေခဲ့ပြီးပြီ”
နောက်တစ်ယောက်က ရေးပါတယ်။ “ငါမကြောက်ပါဘူး၊ အထီးကျန်နေတာပါ”
နောက်တစ်ယောက် “ဗီယက်နမ်အကြောင်း ကျွန်တော့ကိုလာမပြောပါနဲ့၊ ကျွန်တော် ရောက်ခဲ့ပြီးပါပြီ”
မီးခြစ်လေးတွေဟာအင်မတန်ကောင်းတဲ့ ဖီချာဆောင်းပါးဖြစ်လာမယ်လို့ လူတိုင်းမတွေးမိနိုင်လောက်ပါဘူး။ ဒါပေမယ့် ခေတ်တစ်ခေတ်ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းလိုက်ရတဲ့ လူတွေရဲ့ခံစားချက်တွေကို မီးခြစ်တွေပေါ်မှာ တွေ့ ရတဲ့အခါ ဆက်သ်မိုင်ဒန်စ်က ဂန္ထဝင်မြောက် ရေးသားလိုက်တာဖြစ်ပါတယ်။
နောက်ထပ်ကောင်းမွန်တဲ့ နိုင်ငံတကာက စိတ်ကူးတစ်ခုကို ဆွေးနွေးပါဦးမယ်။ ရုရှက ယူကရိန်းကို ကျူးကျော်လို့ စစ်ပွဲကြီးဖြစ်ပွားတဲ့အခါ ယူကရိန်းနိုင်ငံထဲက ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တခြားနိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်
ခဲ့ကြပါတယ်။
တိုင်းမဂ္ဂဇင်းရဲ့ အေမီဖာရစ်ရော့မန်က ထူးခြားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ ဆောင်းပါးရဲ့အကြောင်းအရာကတော့ စစ်ပွဲစတင်တဲ့အချိန်မှာ နိုင်ငံပြင်ပမှာအကြောင်းအမျိုးမျိုးနဲ့ ရောက်နေခဲ့ကြတဲ့ မိခင်တွေက ယူကရိန်းမှာ ကျန်နေခဲ့တဲ့ သူတို့သားသမီးတွေရှိ ရာကို စစ်မြေပြင်ကိုဖြတ်ပြီး ပြန်လာကြတဲ့အကြောင်းပါပဲ။
ယူကရိန်းနိုင်ငံကနေ လူတွေအလုံးအရင်းနဲ့ ထွက်နေကြတဲ့အချိန်မှာ ပိုလန်နယ်စပ်မြို့လေးတစ်မြို့က ရထားလေးတစ်စီးဟာ ယူကရိန်းနယ်ထဲကို ခုတ်မောင်းဝင်လာနေပါတယ်။ အဲဒီရထားပေါ်မှာတော့ စစ်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက သားသမီးတွေရှိရာကိုပြန်လာနေတဲ့မိခင်တွေ လိုက်ပါလာနေပါတယ်။
ဒီစတိုရီရဲ့အိုင်ဒီယာဟာ လူအများစုသိထားတဲ့ ရုရှ ယူကရိန်းစစ်ပွဲကို မတူညီတဲ့၊ ထင်မှတ်မထားတဲ့ရှုထောင့် (Reverse Angle) ကနေ ပြတာ ဖြစ်ပါတယ်။ တခါတရံမှာ ဖြစ်ရပ်တွေကို Reverse Angle က ပြန်တွေးကြည့်တဲ့ စိတ်ကူးကလည်း သူများမရတဲ့ စတိုရီတွေရလာနိုင်ပါတယ်။
The Tanintharyi Times
