“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
ဓာတ်ပုံ - FILIPPO GRANDI၊စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၊ UWSA ၊ အညာသားလေး
အောက်တိုဘာ ၁၇ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“တရုတ်မှာကျင်းပတဲ့ ပိုးလမ်းမဖိုရမ် စစ်ကောင်စီဝန်ကြီးအဖွဲ့ တက်ရောက်”
တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ လုပ်မယ့် တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာလို့ ဘီဘီစီသတင်းအရ သိရပါတယ်။ ဒီကနေ့နဲ့ မနက်ဖြန် ကျင်းပမယ့် အဲ့ဒီဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က စစ်ကောင်စီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပိုးလမ်းမဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ဧပြီမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီဖိုရမ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
“လိုင်ဇာ-မုန်လိုင်ခတ်ဖြစ်စဉ်အတွက် စစ်တပ်ကိုရှုတ်ချကြောင်း ရန်ကုန်မှာပြုလုပ်”
လိုင်ဇာ-မုန်လိုင်ခတ် ဖြစ်စဉ်အတွက် စစ်တပ်ကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ အကြမ်းဖက် စစ်တပ်ကို အမြစ်ဖြတ်ဖို့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းက ပြည်သူတွေကို လှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ စမ်းချောင်းပင်မ သပိတ် စစ်ကြောင်းက မုန်လိုင်ခတ်ဖြစ်စဉ်အကြောင်းနဲ့ စစ်တပ်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့ လှုံ့ဆော် ချက်တွေပါတဲ့ စာရွက်တွေကို ရန်ကုန်မြို့နေရာအနှံ့မှာ ကပ်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ဖို့ လူထုရဲ့ အားအင်ကို အင်မတန်လိုအပ်ကြောင်းနဲ့ ခက်ခဲကြပ်တည်းနေတဲ့ ကြားကပင် ရရာနေရာမှဆက်လက်ပါဝင်ပြီး နိုင်တဲ့ဝန်ကိုထမ်းရင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အားနဲ့အမြစ်ဖြတ်ကြပါဖို့ တိုက်တွန်းထားပါတယ်။
“တရုတ်က ဝရမ်းထုတ်ထားတဲ့ အရာရှိနှစ်ဦးကို UWSA ထုတ်ပယ်”
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာနက ယွမ် ၅ သိန်းအထိ ဆုငွေထုတ်ထားတဲ့ ‘ဝ’ ပြည်နယ် အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက် အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ကို ဝ တပ်ဖွဲ့ UWSA က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးကို တရုတ်နိုင်ငံက အခုလ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ပေါက်အိုက်ပန်း နဲ့ အိုက်ဟော့ ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့ကြပြီး ဝ ပြည် နဲ့ အိမ်နီးချင်းတွေအကြားက နိုင်ငံရေးအရ ယုံကြည်မှု နဲ့ ဆက်ဆံရေးကိုထိခိုက်စေသလို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက ဂုဏ်သိက္ခာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထိန်းသိမ်းဖို့ သူတို့ နှစ်ဦးကို ထုတ်ပယ် လိုက်တာလို့ UWSA က ထုတ်ပြန်ပါတယ်။ ဒီ’ဝ’အရာရှိ နှစ်ဦးထဲက အိုက်ဟော့ ဟာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးတစ်ခေတ်မှာ ပြည်မ က UWSA ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို တာဝန်ခံဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ဘီဘီစီက ရေးသားထားပါတယ်။
“ထိုင်းရောက်မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ခွင့်ရရေး UNHCR ကူညီမယ်”
ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR ရဲ့ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ (Filippo Grandi)က ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရရေး ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောလိုက်ကြောင်း ဘီဘီစီက သတင်းဖော်ပြပါတယ်။ ဂရန်ဒီဟာ သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဥ်အတွင်းမှာ ထိုင်း – မြန်မာနယ်စပ်၊ ကန်ချနာဘူရီခရိုင်ထဲက မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ သံဟင်းဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေအပါအဝင် စခန်းရဲ့ လူငယ်ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် စခန်းက ဒုက္ခသည်တွေ တတိယနိုင်ငံတွေမှာ အခြေချနိုင်ရေးကူညီပေးဖို့နဲ့ မသွားဘဲ ကျန်ခဲ့တဲ့သူတွေအတွက်လည်း ဒုက္ခသည်အခွင့်အရေးတွေရဖို့ သူကပြောပါတယ်။ ‘ဒီဒုက္ခသည်စခန်းကနေ ထွက်မသွားတဲ့သူတွေ ရဲ့ အခွင့်အရေးတွေ ချဲ့ထွင်နိုင်အောင် ၊ သူတို့ ကို အလုပ်လုပ်ခွင့် နဲ့ ပညာသင်ကြားခွင့်ပေးဖို့ အရေးကြီးတယ်။ဒါကို ထိုင်းအစိုးရနဲ့ လက်တွဲဆောင်ရွက်ပါမယ်’’လို့ သူက ပြောပါတယ်။ ကုလမဟာမင်းကြီးသွားခဲ့တဲ့ သံဟင်း ယာယီ ဒုက္ခသည်စခန်းမှာ မြန်မာဒုက္ခသည် ၅,၀၀၀ နီးပါး ရှိပြီး အများစုမှာ ကရင်နဲ့ ကရင်နီတိုင်းရင်းသားတွေထဲက ဖြစ်သလို နှစ် ၃၀ နီးပါး နေထိုင်နေကြသူတွေဖြစ်ပါတယ်။
“NCA အနှစ်သာရကို ဖျက်ဆီးပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှု KNU နဲ့ KNPP လက်မခံ”
NCA အနှစ်သာရကို ဖျက်ဆီးပြီးမှ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးစရာမလိုတော့ဘဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဆုံးထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုရင် စစ်တပ်နိုင်ငံရေးက ထွက်ခွာပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ နေမယ်ဆိုတာကို ကတိပေးရမှာဖြစ်သလို ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမယ်လို့ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကလည်း နိုင်ငံတစ်ဝန်းမှာ ထိုးစစ်ဆင်နေပြီး တစ်ဖက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ငြိမ်းချမ်းရေးမူဝါဒကို အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက KNPP အဖွဲ့တွေရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို တပ်ရင်း ၄၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူနေ”
ဧရာဝတီတိုင်းက ပုသိမ်နဲ့ မော်လမြိုင်ကျွန်း အပါအဝင် မြို့နယ်အချို့မှာ ပြည်သူ့စစ်သင်တန်းအတွက် တစ်ရွာကို သုံးဦးကနေ ခြောက်ဦးနှုန်း စာရင်းပေးနေရပြီး မဖြစ်မနေသင်တန်းတက်ဖို့ ဖိအားပေးခံနေရတယ်လို့ ပုသိမ်မြို့ခံတွေနဲ့ ဧရာတီတိုင်းထဲမှာရှိတဲ့ မြို့နယ်အချို့မှာ နေထိုင်တဲ့ ဒေသခံတွေက RFAကို ပြောပါတယ်။ ပုသိမ်မြို့နယ်ထဲက ရွာအချို့မှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကို ခြောက်ဦးနှုန်းပေးရသလို ရွာခြောက်ရွာရှိတဲ့ အုပ်စုတစ်ခုအတွက် လူဦးရေသုံးဆယ် မဖြစ်မနေစာရင်းပေးရပါတယ်။ပြည်သူ့စစ်သင်တန်းတွေကို ပုသိမ်မြို့က စစ်ကောင်စီရဲ့ ခလရ (၂၇၁) တပ်ရင်းနဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ သင်တန်းပေးနေတာလို့ ဆိုပါတယ်။ အဲဒီသင်တန်းအတွက် အသက်ကန့်သတ်ထားတာမျိုး မရှိဘဲ အသက်မပြည့်တဲ့သူတွေပါ သင်တန်းပေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောထားပါတယ်။ ဒေသခံတွေကို သင်တန်းတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဖိအားပေးခေါ်ယူနေတာကြောင့် မဖြစ်မနေတက်ရတာတွေပါ ရှိနေတယ်လို့ဆိုပါတယ်။
The Tanintharyi Times
