ကိုယ်ရေးအချက်အလက်မပြည့်စုံတဲ့ မိုဘိုင်းငွေပေးချေမှု Mobile Pay အကောင့်တွေကို ဖျက်သိမ်းမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်
ကိုယ်ရေးအချက်အလက်မပြည့်စုံတဲ့ မိုဘိုင်းငွေပေးချေမှု Mobile Pay အကောင့်တွေကို ဖျက်သိမ်းမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်
မိုဘိုင်းငွေပေးချေစနစ်သုံး Mobile Pay အကောင့်တွေမှာ ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်ပေးဖို့အတွက် App အသုံးပြု့သူတွေ Level 2အဆင့်မြင့်ပေးရမှာဖြစ်ပြီး မလုပ်ဆောင်တဲ့ အကောင့်တွေကို အပြီးတိုင် ဖျက်သိမ်းသွားမယ်လို့ ဗဟိုဘဏ်က မနေ့က (စက်တင်ဘာလ ၁၆ရက်)က ထုတ်ပြန်ကြေညာပါတယ်။
Wave Money ၊ KBZ Pay စတဲ့ မိုင်ဘိုင်းငွေပေးချေမှုစနစ်သုံး Appတွေမှာ Level 2အဆင့်မြှင့်တင်ဖို့ မှတ်ပုံတင်၊ ဓါတ်ပုံစတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းပေးရမှာဖြစ်ပြီး အခုလို အဆင့်မမြှင့်တင်ထားတဲ့ အကောင့်တွေအားလုံး အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ ဗဟိုဘဏ်က ဆိုလိုတာဖြစ်ပါတယ်။
အခုလိုလုပ်ဆောင်တာဟာ မသမာသူတွေက အချက်အလက်မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှု တစ်ချို့ကို အသုံးချပြီး မသမာတဲ့နည်းလမ်းနဲ့ တရားမဝင်ငွေလွှဲပြောင်းတာတွေ၊ ငွေကြေးလိမ်လည်တာတွေ လုပ်ဆောင်နေတာကြောင့်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဒါ့အပြင်နယ်စပ်ဖြတ်ကျော်ပြီး ငွေပေးချေမှုတွေ လုပ်ဆောင်တာမှာလည်း ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေတာကြောင့် အခုလို ဆောင်ရွက်တာလို့လည်း ဗဟိုဘဏ်ထုတ်ပြန်ချက်က ဆိုပါတယ်။
မိုဘိုင်းငွေပေးချေမှု App တစ်ခုဖြစ်တဲ့ Wave Money ကလည်း အကောင့်အသစ်ဖွင့်မယ့် သုံးစွဲသူတွေအနေနဲ့ အကောင့်အသစ်ဖွင့်တဲ့ရက်မှာဘဲ Level 2ကို အဆင့်မြှင့်ကြဖို့တိုက်တွန်းထားပြီး Level 2အဆင့်မြှင့်ပေးရင် ပြန်အမ်းငွေ ၁၀၀၀ကျပ်ပေးမယ်လို့လည်း ကြေညာထားပါတယ်။
မိုဘိုင်းငွေပေးချေမှု စနစ် App သုံးစွဲသူတွေရဲ့ ဖြည့်တင်းလိုက်တဲ့ အမည်၊ မှတ်ပုံတင် နဲ့ ကိုင်ဆောင်တဲ့ မိုဘိုင်းဖုန်းနံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေကို လဝကမှာရှိတဲ့ အချက်အလက်တွေ၊ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနမှာရှိတဲ့ မိုဘိုင်းSim Card မှတ်ပုံတင်ထားတဲ့အချက်အလက်တွေနဲ့ တိုက်ပြီး စစ်ဆေးသွားမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
အခုလို မိုဘိုင်းငွေပေးချေစနစ်သုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူဖို့ ကြိုးစားတဲ့ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေဆီ ငွေကြေးထောက်ပံ့တာတွေကို ဟန့်တာဖို့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
The Tanintharyi Times
