“ဒီနေရာကတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်မြေ ဘုရင်အဆက်ဆက်ကမြေဖြစ်တာကိုတော့ သိစေချင်တာပေါ့”
“ဒီနေရာကတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်မြေ ဘုရင်အဆက်ဆက်ကမြေဖြစ်တာကိုတော့ သိစေချင်တာပေါ့”

ထားဝယ်မြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ သုဿာန်ဟောင်းကို အာဏာသိမ်း စစ်တပ်ကသိမ်းယူလိုက်ပြီး လက်ရှိမှာ အစိုးရပိုင်မြေလို့ စာတန်းချိတ်ဆွဲကာ အုတ်တံတိုင်းကာရံတာနဲ့ ဘက်ဖိုးနဲ့မြေညှိတာတွေလုပ်ဆောင်နေပါတယ်။ မြို့ခံ အစ္စလာမ်ဘာသာဝင်တွေကတော့ အဲဒီနေရာဟာ အစိုးရပိုင်နေရာမဟုတ်ဘဲ ကိုယ်ပိုင်ဂရမ်ရှိတဲ့ နေရာဖြစ်သလို သမိုင်းဝင်သုဿာန်လည်းဖြစ်တယ်လို့ဆိုပြီး အခုလိုသိမ်းယူတာကို သဘောမတူကြပါဘူး။
အဲဒီသုဿာန်ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘယ်လိုသမိုင်းကြောင်းတွေရှိနေတာပါလဲ။ သုဿာန်ကို သိမ်းယူတဲ့ကိစ္စကို ထားဝယ်မြို့ပေါ်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာသာမတူတဲ့သူတွေရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ ဒီအကြောင်းတွေကို တောင်ပိုင်းသားတို့အသံ အစီအစဥ်မှာ မေးမြန်းတင်ဆက်ပေးထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
◉ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး
မေး – သုဿာန်ကို သိမ်းပြီးတော့ အထဲမှာ စစ်အစိုးရရဲ့ ဆောက်အအုံတွေ ဆောက်မယ်ဆိုတာကို ဘယ်အချိန်လောက်ကစပြီး သိရတာလဲ။
ဖြေ – လက်ရှိပြင်ဆင်မှုက မကြာသေးဘူး။ ပြီးခဲ့တဲ့တစ်လလောက်ကပေါ့ အုတ်တံတိုင်းကို ပြင်ဆင်ရုံလောက်ပဲဆိုပြီးတော့ စလုပ်တယ်။ ပြီးတော့ ရုတ်တရက်ပဲ ဆိုင်းဘုတ်တင်ပြီးတော့ သူတို့အပိုင်သိမ်းတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားတယ်။
မေး – အဲဒီသုဿာန်နေရာမှာ စစ်တပ်က ဘာတွေလုပ်မယ်လို့ ကြားထားရလဲ။
ဖြေ – သူတို့ဆိုင်းဘုတ်တင်ထားတဲ့ အနေအထားကတော့ အစိုးရရုံးမြေနေရာလုပ်မယ်လို့ကြားတယ်။ ကျနော်တို့ကြားသိရတာတော့ အစိုးရရုံးတချို့တလေကို ခွဲဝေထားတယ်ပေါ့။ အဲလောက်တော့ကြားရတယ်။ နောက်ထပ်အတည်မပြုနိုင်တဲ့သတင်းကတော့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို နေရာချထားမယ်လို့ ကြားတယ်။ သေချာသလောက်ကတော့ ဌာနဆိုင်ရာသုံးလေးခုကို နေရာချပေးထားတယ်ဆိုတာမျိုးပါ။
မေး – ဒီသုဿာန်နေရာက ဘယ်လိုသမိုင်းကြောင်းတွေရှိနေတာလဲ။ စစ်တပ်က အခုလိုလုပ်တဲ့အပေါ်မှာရော အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဘာတွေပြောဆိုနေကြတာကြားရလဲ။
ဖြေ – ထားဝယ်က မွတ်စလင်မ်အများစု၊ သမိုင်းကိုသိတဲ့သူအများစုရဲ့ ရင်ထဲမှာတော့ တော်တော်လေး ဝမ်းနည်းကြေကွဲကြတာပေါ့နော်။ အဓိကကတော့ ဒီဟာက အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ဆင်ဖြူမရှင် (မင်းတုန်းမင်းရဲ့ မိဘုရား) ကဆင်းလာပြီးတော့ အင်္ဂလိပ်အစိုးရနဲ့ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်တဲ့အချုပ်တဲ့အချိန်မှာ ထားဝယ်က အစ္စလာမ်ဘာသာဝင် စစ်ကဲမင်းကြီး ဦးသရဖီဆိုတဲ့ ပုဂ္ဂိုလ်ကို သံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အနေနဲ့ စေလွှတ်တယ်။ အဲဒီလိုစေလွှတ်တဲ့နေရာမှာ ညှိနှိုင်းရေးအဆင်ပြေတဲ့အတွက်ကြောင့် စစ်ကဲမင်းကြီး ဦးသရဖီကို ဆင်ဖြူမရှင်က ချီးမြင့်ထားတဲ့ လက်ဆောင်ပဏ္ဏာတွေထဲက တစ်ခုအဖြစ် ကျနော်တို့သိထားတယ်။ သမိုင်းဝင်တဲ့ဟာဖြစ်တယ်။ နောက်ပိုင်းမှာ ဦးသရဖီကနေ အစ္စလာမ်ဘာသာဝင်တွေသုံးဖို့အတွက် လှူခဲ့တာဖြစ်တယ်။ နောက်ပိုင်း အင်္ဂလိပ်အစိုးရတက်တဲ့အချိန်မှာ ဂရမ်အစိမ်းလို့ခေါ်တဲ့ အဆင့်မြင့်ဂရမ်တစ်ခုကို ချပေးထားတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ထားဝယ်သားတွေအားလုံးအတွက် မဟုတ်ရင်တောင် ထားဝယ်အစ္စလာမ်တွေအတွက် ဂုဏ်ယူစရာနေရာတစ်ခုအဖြစ် ကျနော်တို့က သတ်မှတ်ထားတယ်။ ထားဝယ်အစ္စလာမ်တွေရဲ့ တိုင်းပြည်အပေါ်မှာ သစ္စာရှိမှု၊ တာဝန်ကျေပွန်မှုကို မီးမောင်းထိုးပြထားတဲ့ နေရာအဖြစ်သတ်မှတ်ထားတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က အင်မတန်မှနှမြော ပြီးတော့ ဝမ်းနည်းမဆုံးဖြစ်ကြတာပေါ့နော်။ အချင်းချင်းကြားမှာတော့ ဒီဟာနဲ့ပတ်သက်ပြီး ဒီအကြာင်းအရာတွေပဲ ပြောနေကြတာပေါ့။
မေး – နောက်တစ်ခုက ဒီနေရာဟာ အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့တော့ တခြားသုဿာန်တွေနဲ့မတူဘဲ ပန်းခြံကြီးတစ်ခုလို ဖြစ်နေတယ်ဆိုတာမျိုးလည်းကြားရပါတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ – ဟုတ်ပါတယ်။ ကျနော်တို့ဆီမှာက သင်္ချိုင်းဆိုတာက ကြောက်မက်ဖွယ်ရာ နေရာတစ်ခုမဟုတ်ဘူး။ မိဘ၊ ဘိုးဘွားတွေ အေးအေးချမ်းချမ်းနေရာအဖြစ် သတ်မှတ်ထားတဲ့အပေါ်မှာ ပြောရမယ်ဆိုရင်တော့ စစ်သင်္ချိုင်းလိုပုံစံမျိုးပေါ့။ ကျနော်တို့ ငြိမ်းချမ်းမှုနဲ့ သာယာမှုကိုဦးစားပေးပြီးတော့ နေရာတွေကို စီမံတယ်။ လမ်းတွေစနစ်တကျလုပ်တယ်၊ ပန်းမံတွေစိုက်ပျိုးတယ်။ ဒီလိုပုံစံမျိုးနဲ့ ဒီနေရာရဲ့ အလှအပကိုထိန်းသိမ်းကြတာပါ။ ပြန်ပုံဖော်ပြရရင် အဝင်လမ်းတွေကို အုတ်ခင်းထားတယ်။ ပြီးတော့ မြှုပ်နှံတဲ့နေရာမရောက်ခင် ဒီဘက်မှာ အဆောက်အအုံအငယ်လေးတွေရှိတယ်။ ပြီးတော့ ဝတ်ပြုဆုတောင်းတဲ့နေရာလေးရှိတယ်ပေါ့နော်။ နောက်တစ်ခုက ဒီနေရာတစ်ခုလုံး သစ်ပင်ကြီးတွေနဲ့ ပန်းပင်တွေနဲ့ အုံ့ဆိုင်းနေတာပေါ့နော်။
မေး – ဒီသုဿာန်ကို ၂၀၀၆ ကစလို့ မြှုပ်နှံခွင့်ပိတ်လိုက်တယ်လို့သိရပါတယ်။ အဲဒီအချိန်က ဘယ်လိုမျိုးပိတ်တာပါလဲ။
ဖြေ – ၂၀၀၆ မှာ သူတို့က မြှုပ်နှံမှုပိတ်သိမ်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့လာတာပါ။ သိမ်းဆည်းတယ်လို့ မလာဘူး။ အတိုင်းအတာတစ်ခုနဲ့ အချိန်တစ်ခုထိ ကျနော်တို့ ဝင်ထွက်ခွင့်ရှိတယ်။ မြှုပ်နှံမှုပိတ်သိမ်းတာလောက်ပဲ ပေါ့နော်။ ဒီနောက်ပိုင်းနှစ်တွေမှာမှ ကျနော်တို့ကို ဝင်ခွင့်ပါပိတ်လိုက်တယ်။ ပြီးတော့မှာ အခုလက်ရှိမှာ ရုတ်တရက်ဒီလိုပုံစံလုပ်လိုက်တာဖြစ်ပါတယ်။
မေး – စစ်တပ်က အခုလိုလုပ်တာကို အစ္စလာမ်အသိုင်းအဝိုင်းက သဘောမတူကြဘူးပေါ့နော်။ ဒါပေမဲ့ စစ်တပ်ဘက်ကလည်း ဆက်လုပ်နေတော့ ဘယ်လိုပုံစံမျိုးနဲ့ကန့်ကွက်မယ်လို့ စဥ်းစားထားကြတာရှိလဲ။
ဖြေ – ဒီဟာနဲ့ ပတ်သက်လို့ကတော့ ထားဝယ် အစ္စလာမ်တွေကတော့ လူနည်းစုဖြစ်တယ်။ ထားဝယ်ရဲ့အနေအထားက ဌာနဆိုင်ရာနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတွေရှိတယ်။ အစ္စလာမ်မှမဟုတ်ဘူး ထားဝယ်သူ၊ သားတွေ ထားဝယ်လူမျိုးတွေ အားလုံးမှာပဲပေါ့နော်။ ဌာနဆိုင်ရာနဲ့ ပတ်သက်ပြီးဆုံးရှုံးမှုတွေများကြတယ်။ ထားဝယ်သူ ထားဝယ်သားတွေက ဘာသာရေးခွဲခြားမှုသိပ်မရှိတဲ့အပေါ်မှာ နေရထိုင်ရတာအဆင်ပြေတယ်။ ဒါပေမဲ့ လူနည်းစုဖြစ်တော့ ဌာနဆိုင်ရာကိစ္စတွေမှာ ရင်ဆိုင်ဖို့ အခက်အခဲတော်တော်လေး ကြီးကြီးမားမားရှိတယ်။ ဘယ်လိုများလုပ်နိုင်မလဲဆိုပြီး ကြံဆနေတဲ့ အနေအထားလောက်မှာပဲရှိသေးတာပေါ့။
မေး – ဒီသုဿာန်ဟောင်းနေရာကို ဘယ်လိုမျိုးဖြစ်စေချင်ပါလဲ။ ဘာကြောင့်ပါလဲ။
ဖြေ – ဒီနေရာဟာ ကျနော်တို့အတွက် သမိုင်းဝင်နေရာဂုဏ်ယူစရာနေရာတစ်ခုဖြစ်တဲ့အပေါ်မှာ ဒီအတိုင်းပဲပေါ့ လက်ရှိအတိုင်းပဲပေါ့။ တကယ်လို့ မြို့တော်ရဲ့ လှပမှုနဲ့ညီညွတ်အောင် ကျနော်တို့က ဘယ်လိုဆောင်ရွက်ပေးရမလဲပေါ့။ အဲဒီလိုပဲ စီစဥ်ဆောင်ရွက်ပြီတော့ ကျနော်တို့ရဲ့ ရှိနေတဲ့အတိုင်းပဲပေါ့။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့အပေါ်မှာ ဒီအတိုင်းပဲပြန်လိုချင်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာရဲ့တန်ဖိုးက မြေနေရာအပေါ်မှာ မမူတည်ဘူးလေ။ ဘုရင်ရဲ့ကိုယ်စား ဘုရင့်မိဘုရားက ချီးမြှင့်ထားတဲ့ မြေဖြစ်တဲ့အပေါ်မှာ ဒါကဂုဏ်ယူစရာဖြစ်တယ်။ နောက်တစ်ခု သုဿာန်နေရာအစားပေးတယ်ဆိုတာကလည်း နဂိုကတည်းက ဒီနေရာဟာ စည်ပင်သာယာက မြှုပ်နှံဖို့အတွက် ချပေးထားတဲ့နေရာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင် ဂရမ်ပေါက်နေရာ သင်္ချိုင်းဖြစ်တယ်။ တခြား သင်္ချိုင်းတွေဆိုတာက စည်ပင်သာယာက ချပေးထားတဲ့သင်္ချိုင်းတွေ ဖြစ်တယ်။ အဲတော့ စည်ပင်သာယာက သူတို့ပေးထားတဲ့နေရာကို ပိတ်ပြီး အစားထိုးပြန်ပေးတယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှကန့်ကွက်စရာမရှိဘူး။ အခု ဒီနေရာကတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်မြေ ဘုရင်အဆက်ဆက်ကမြေဖြစ်တာကိုတော့ သိစေချင်တာပေါ့။
◉ထားဝယ်မြို့ခံလူငယ်တစ်ဦး
မေး – စစ်တပ်က ထားဝယ်မြို့ပေါ်က အစ္စလာမ်သုဿာန်ဟောင်းကို သိမ်းလိုက်တယ်ပေါ့နော်။ အဲဒီအပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေကတော့ သဘာမတူကြဘူး မကျေနပ်ကြဘူးပေါ့။ သုဿာန်ကိုအခုလို လုပ်တဲ့အပေါ်မှာ တခြားဘာသာဝင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ – ဘယ်လိုမြင်လဲဆိုတော့ အခုချိန်မှာ သူတို့က အာဏာအရှိဆုံးလူတွေဖြစ်နေတာကိုး။ ပြီးတော့ အစိုးရတစ်ရပ်ဆိုပြီးတော့ ခံယူထားတယ်ဆိုတော့ အစိုးရခေါင်းစဥ်တပ်ပြီးတော့ သူတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ ကာလဖြစ်နေချိန်မှာ အဲ့လိုမျိုးသာသနာ့မြေတွေကို သူတို့လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုး ထင်တာလားပေါ့။ ဆိုတော့ အဲ့ဒီလိုအနေအထားမှာ အခုလိုမျိုး အာဏာသိမ်းထားတဲ့ကာလမဟုတ်ဘဲ ပုံမှန်ကာလမှာ ဆိုရင်တော့ ကျနော်တို့တွေ သက်ဆိုင်ရာနဲ့ဖြေရှင်းလို့ရတယ်။ တရားဥပဒေနဲ့သွားလို့ရတယ်ဆိုတဲ့ အခြေအနေမျိုးရှိပေမဲ့ အခုလိုကာလမှာသည် သူတို့ဘက်ခြမ်းက တရားဥပဒေဆိုတာကလည်း သူတို့ပြောတဲ့အတိုင်းပဲလေ။ ပြီးတော့ တချို့ဟာတွေကလည်း ဒီဘက်ခြမ်းက တရားမျှတမှုရဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့လုပ်ချင်တာ လုပ်ကြတယ်ပေါ့ဗျာ။ ပြန်ပြီးတော့ တရားရင်ဆိုင်မယ် ဆိုရင်တော့ အမှန်တရားကိုရမယ်ဆိုတဲ့ အခင်းအကျင်းက လုံးဝမရှိနေဘူးလို့ မြင်တယ်။ ဆိုတော့ သူတို့ အာဏာရနေချိန်မှာ သူတို့ လုပ်ချင်တာကိုလုပ်တယ်ပေါ့။ အဲ့လိုမျိုးပဲ မြင်တယ်။
မေး – ဒီသုဿာန်က အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တာကြောင့် သမိုင်းဝင်နေရာဖြစ်ပြီး ထိန်းသိမ်းစေချင်တယ်လို့ သုံးသပ်ကြတာရှိပါတယ်။အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ – ကျနော်တို့ထားဝယ်မှာဆိုရင် အခုလိုမျိုး ကိုလိုနီခေတ် အင်္ဂလိပ်လက်ထက်ကတည်းက အဆောက်အအုံတွေရှိတယ်။ ပြီးတော့ ခုနကပြောသလို ယဥ်ကျေးမှုဆိုင်တဲ့ နေရာတွေပေါ့။ ခရစ်ယာန်ဘုရားကျောင်းဆိုလည်း ခရစ်ယာန်ဘုရားကျောင်းရှိတယ်ဗျာ။ အစ္စလာမ်ဆိုလည်း အစ္စလာမ်နဲ့ပတ်သက်လို့ ဗလီကျောင်းတွေရှိမယ်။ သူတို့အထွဋ်အမြတ်ထားတဲ့ နေရာတွေရှိမယ်။ အဲ့လိုနေရာတွေသည် တဖက်မှာကြည့်မယ်ဆိုရင် ထိန်းသိမ်းရမဲ့ နေရာတွေဖြစ်တယ်။ စီးပွားရေးအရသော်လည်းကောင်း၊ အစိုးရယန္တရား လည်ပတ်ဖို့ရာအတွက်သော်လည်းကောင်း အဲ့လိုမျိုးတွေက တခြားနေရာတွေ တပုံကြီး လိုက်ရှာလို့ ရှိပါတယ်ဗျာ။ ပြီးရင် ထားဝယ်အနေအထားနဲ့ကလည်း နေရာမရှားပါဘူးဗျာ။ အခုက မြို့နဲ့နီးတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ သင်္ချိုင်းဆိုတာမရှိသင့်ဘူးလို့ ပြောတယ်ပေါ့လေ။ သင်္ချိုင်းဆိုတာသည် အစက မြို့ဘယ်မှလောက်မကြီးခင်ကတည်းက မြို့ပြင်မှာပဲ ရှိတယ်ပေါ့လေ။ မြို့ဧရိယာကြီးလာတယ်ဆိုတာနဲ့ အမျှ သင်္ချိုင်းကလည်း မြို့ထဲပိုင်းရောက်လာတယ်ဆိုပေမဲ့ အဲ့ဒါသည် ပြဿနာမဟုတ်ဘူးလို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။ ကျနော်တို့ နိုင်ငံမှာမှမဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိတယ်။ ကျနော်တို့နိုင်ငံမှာတောင် ရန်ကုန်တို့ ဘာတို့ဆိုရင် သင်္ချိုင်းတို့ ဘာတို့သည် မြို့ထဲမှာရှိတယ်။ ပြီးတော့ ခုလက်ရှိမှာ သင်္ဂြိုလ်နေတဲ့ နေရာလည်း မဟုတ်ဘူးပေါ့လေ။ သမိုင်းဝင်နေရာတခုအနေနဲ့ ထားထားသင့်တဲ့ နေရာတစ်ခုလို့ပဲမြင်တယ်ပေါ့။
မေး – အဲလိုနေရာတစ်ခု မြို့ထဲမှာရှိနေတဲ့အတွက် မြို့ခံတွေအတွက် အနှောက်အယှက်များဖြစ်တာရှိနိုင်လား၊ ပြဿနာတစုံတရာရှိတယ်လို့ရော မြင်မိပါသလား။
ဖြေ – ကျနော့်အနေနဲ့ကတော့ ကျနော်သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တယ်ပေါ့လေ။ ကျနော့်တစ်ဦးတည်းအမြင်နဲ့ ပြောရမယ်ဆိုရင် ကိုယ့်ဘာသာမှမဟုတ်ဘူး ဘယ်ဘာသာမဆို ကျနော်တို့ လေးစားရမယ်။ ရပ်တည်ချက်မတူလည်း လေးစားရမယ်။ ပြဿနာလို့ မမြင်ဘူးပေါ့။
မေး – မြို့နေ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ကတော့ ဖြစ်နိုင်ရင် အဲ့ဒီသုဿာန်နေရာကို ထိန်းသိမ်းထားစေချင်တယ်ပေါ့နော်။ ဒါပေမဲ့ အဲ့လိုမျိုးလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း အများပြည်သူနဲ့ ပတ်သက်တဲ့ ဆေးရုံတို့၊ လူအိုရုံတို့၊ အဲ့လိုမျိုး တခုခုလုပ်မယ်ဆိုရင် သူတို့ လက်ခံနိုင်တယ်လို့ဆိုကြတယ်။ အကို့အနေနဲ့ရော အဲဒီနေရာကို ဘယ်လိုမျိုးဖြစ်စေချင်လဲ။ ဘယ်လိုဖြစ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ – တကယ်လို့ အဲ့ဒီနေရာကို အကျိုးရှိရှိနဲ့ သုံးချင်ရင်တော့ အများပြည်သူအတွက် လုပ်တယ်ဆိုတာမျိုး၊ ဒါမှမဟုတ် အထိမ်းအမှတ် နေရာတစ်ခုခု၊ သမိုင်းဝင်နေရာတစ်ခုအနေနဲ့ ပြန်ပြီးမွမ်းမံမယ် ဆိုရင်တော့ ကျနော်တို့ သုံးသင့်တယ်ပေါ့လေ။ တစ်ဦးတစ်ယောက်ပုဂ္ဂလိက အကျိုးအမြတ်အတွက်၊ အခုဆို စီးပွားရေးလုပ်တာတော့မဟုတ်ပေမဲ့ ခုနကပြောသလို အစိုးရရုံးဆိုတာမျိုးသည် တဖက်မှာ တခြားနေရာကို ရွေးလို့ရတယ်ပေါ့ဗျာ။ တဖက်မှာ ကာယကံရှင် အစ္စလာမ်ဘာသာဝင်တွေနဲ့လည်း သဘောတူညီမှု ရထားဖို့လည်း လိုတယ်ပေါ့။ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးမရှိဘဲ လုပ်ချင်သလိုလုပ်သွားတယ်လို့ပဲ မြင်တယ်ပေါ့လေ။ အဲ့လိုလုပ်တာသည် မသင့်တော်ဘူး။ မလုပ်သင့်ဘူးလို့ မြင်တယ်။ ဘာသာရေးအရလည်း ပဋိပက္ခဖြစ်နိုင်တဲ့ အခင်းအကျင်းတွေထိ ဦးတည်သွားနိုင်တယ် ။ အခုချိန်မှာတော့ အစိုးရ ယန္တရားဖော်ဆောင်နိုင်ဖို့ လုပ်တယ်ဆိုတာမျိုးပေမဲ့ တဖက်က ပြောပိုင်ခွင့် မရှိလို့ မပြောရတဲ့ အနေအထားမျိုးဖြစ်တာပါ။ နောက်ပိုင်းမှာတော့ တချိန်ချိန်ကြရင် ဒါက ပြဿနာတစ်ခုအနေနဲ့ ဖြေရှင်းရမဲ့ ပြဿနာတစ်ခုဖြစ်လာနိုင်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ သဘောတူညီမှုမရဘဲ လုပ်ထားတဲ့အခင်းအကျင်းတစ်ခုဖြစ်တဲ့အတွက်ပါ။
◉ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင်အမျိုးသမီး
မေး – သုဿာန်ဟောင်းကို အခုလိုသိမ်းပြီးအဆောက်အအုံတွေဆောက်မယ်ဆိုတာ ဘယ်အချိန်လောက်မှာသိရတာလဲ။
ဖြေ – အဒေါ်တို့ကတော့ သတင်းတက်လာမှပဲသိရတာပေါ့။ ဒီလိုသိမ်းလိုက်တာကိုလေ။ အစကတော့ အုတ်တံတိုင်းတွေကာတော့ အုတ်တံတိုင်းအသစ်လုပ်ပေးတယ်ပဲ ထင်တာပေါ့နော်။ အခုက ဝန်ကြီးချုပ်က သူကိုယ်တိုင်တောင် မသိဘူးဆိုတာမျိုးကြားရတယ်လေ။ အပေါ်ကလုပ်တာ သူလုပ်တာမဟုတ်ဘူးဆိုပြီး အတွင်းသတင်းလိုမျိုးကြားရတာပေါ့။
မေး – ဒီလိုဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။ ဘာများပြောချင်လဲ။
ဖြေ – တော်တော်လေးစိတ်မကောင်းဘူးပေါ့ကွယ်။ ဒီထဲမှာက တို့အဖေတွေရော အရင်ကဆရာသမားတွေရော၊ မောင်တွေရော၊ အကိုတွေရောအကုန်ရှိကြတယ်လေ၊ ရှေးအစဥ်အဆက်မဟုတ်လား။ ပြီးတော့ ထားဝယ်မှာက အစ္စလာမ်တွေရဲ့ နေရာတွေက ရှားရှားပါးပါးပဲရှိတာ မဟုတ်လား။ တော်တော်စိတ်ထိခိုက်တာပေါ့ စိတ်မကောင်းဘူးပေါ့။
မေး – အဲဒီသုဿာန်က ဘယ်လိုနေရာမျိုးလဲ။ အရင်က ဘယ်လိုပုံစံမျိုးရှိခဲ့ပါလဲ။
ဖြေ – အဲဒီနေရာက တော်တော်လေးအေးချမ်းပါတယ်လေ။ အထဲမှာ ဗလီတွေ၊ နားနေဆောင်လေးတွေရှိတယ်လေ။ အခုတော့ ဖြိုပစ်လိုက်ပြီလို့ကြားတယ်။ အဒေါ့်မောင် ခရီးဝေးမှာဆုံးပြီးလာတော့ ဒီမှာပဲရေချိုးပြီးအဲမှာပဲ စီစဥ်ခဲ့ရတာပေါ့နော်။ ပြီးတော့ အဲဒီအချိန်က မြို့ပေါ်မှာနီးနီးနားနားဆိုတော့ ထမ်းပြီးသွားရတာတွေပေါ့နော်။ ဟိုးအရင်ကဆိုတော့ ကားနဲ့မသယ်ကြဘူးလေ ထမ်းပြီးသွားကြတာဆိုတော့။ အဲဒါတွေ ပြန်စဥ်းစားပြီး အမှတ်ရနေသေးတယ်။
မေး – အဒေါ့်အနေနဲ့ အဲဒီသုဿာန်ဟောင်းနေရာကို ဘယ်လိုမျိုးဖြစ်စေချင်ပါသလဲ။
ဖြေ – ဒီအတိုင်းထားထားလည်း ကောင်းပါတယ်ပေါ့နော်။ ပြီးတော့ ကြားထဲစီစဥ်ကြတဲ့ အစ္စလာမ်ကုသိုလ်ဖြစ်ဆေးရုံတို့ ပိုအဆင်ပြေတာပေါ့အေ။ သူတို့လက်ထဲရောက်မယ့်အစားပေါ့။ အများအတွက်လည်းကောင်းတာပေါ့။ ကိုယ်ဘာသာဝင်မှမဟုတ်ဘူးလေ။ အားလုံးအတွက်ကောင်းတာပေါ့။ အစက ဆေးရုံလို့ကြားသေးတာကိုး။ အခုကတော့ ဘုရားရှိခိုးပြီးပဲ ဆုဆောင်းနေပါတယ်။ တခုခု မြန်မြန်အဆင်ပြေသွားစေပေါ့နော်။ ဘုရားရှိခိုးရုံပဲရှိတော့တယ်လေ။ အမြန်ဆုံးပဲ ဒီအစိုးရကျဆုံးဖို့ပဲလိုတော့တယ်။ အားလုံးက တမျိုးစီဒုက္ခဖြစ်နေကြပြီကိုး။
The Tanintharyi Times