စက်သုံးဆီ လုပ်ငန်းရှင်တွေကို ကန်ဒေါ်လာ သန်း ၁၀၀ထုတ်ရောင်းမယ်လို့ ကြေညာပြီး နောက် ဆီစျေးထပ်မံမြှင့်တက်

စက်သုံးဆီ လုပ်ငန်းရှင်တွေကို ကန်ဒေါ်လာ သန်း ၁၀၀ထုတ်ရောင်းမယ်လို့ ကြေညာပြီး နောက် ဆီစျေးထပ်မံမြှင့်တက်

စစ်ကောင်စီ က စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း စက်သုံးဆီ ဆီဆိုင်များမှာ ယခင်တပတ်ထက် စက်သုံးဆီစျေးကမြှင့်တက်လာနေတာဖြစ်တယ်လို့ စက်သုံးဆီစျေးကွက်အတွင်းမှသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်မှစတင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများအပါအဝင် စက်သုံးဆီ ပြတ်လပ်ခြင်း၊ လိုသလောက်ဝယ်ယူ မရခြင်း၊ ဆီဆိုင်များမှာ ညအိပ်စောင့်ဆိုင်း တန်းစီဝယ် ယူရခြင်းစတဲ့ အခက်အခဲများဖြစ်ပေါ်နေကာသြဂုတ် ၁၇ အထိ တန်းစီစနစ်ဖြင့်ပင် ယာဥ်များဆီဆိုင်သို့ တိုးနေရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

” စစ်ကောင်စီက သင်္ဘောရောက်တယ်သာ ပြောတာ ဆီခွဲတမ်းက လုံလုံလောက်လောက်မရဘူး။ ဒေါ်လာကလည်း စျေးအရမ်းထိုးတက်ခဲ့တယ်၊ အဝယ်ကလည်း ပိုခက်လာတယ်။ ဒီအခြေအနေမှာ ဆီသမားတွေ အမှန်တကယ်ဝယ်လို့မရတဲ့ ဒေါ်လာစျေးနဲ့ ဖြတ်တော့ ဘယ်သူမှ တွက်ခြေမကိုက်တော့ဘူး” လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက Connect Burma ကိုပြောပါတယ်။

စစ်ကောင်စီကစက်သုံးဆီဆိုင်များရောင်းရမည့် ဈေးနှုန်းကို ရန်ကုန်မြို့မှာ သြဂုတ် ၁၇ ရက်ဒီနေ့ လက်လီဈေးက အောက်တိန်း 92 တစ်လီတာလျှင် ၂၉၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၁၁၅ ကျပ် သတ်မှတ်ခဲ့ပါတယ်။

ပြင်ပဈေးကွက်လည်းပေါ်နေပြီး စက်သုံးဆီ တလီတာလျှင် ၈၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက် နေသလို အခြားမြို့များမှာလည်း စက်သုံးဆီ တစ်လီတာ ၂၀၀၀၀ ကျပ်အထိ ပေးနေရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ သီလဝါဆိပ်ကမ်းနဲ့ ရန်ကုန်မြစ်ဝ အထိ ဆီတင်သင်္ဘောတွေ ရောက်ရှိနေပေမယ့် ငွေပေးချေနိုင်ခြင်း မရှိတာကြောင့် ဆီချမပေးတဲ့ အခြေအနေ တွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေတဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ‌စက်သုံးဆီ လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ်လ ၁၄ ရက်တွင်ထုတ်ပြန်ထားပြီး စက်သုံးဆီ သင်္ဘောများ ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်နေတယ်လို့ ပြောဆိုထားပါတယ်။

Connect Burma

The Tanintharyi Times