မူးယစ်ဆေးဝါးရောင်းချနေသူတစ်ဦးကို လောင်းလုံး PDF ဖမ်းဆီးစစ်ဆေးပြီး ငွေမည်းတွေကို သိမ်းဆည်း

မူးယစ်ဆေးဝါးရောင်းချနေသူတစ်ဦးကို လောင်းလုံး PDF ဖမ်းဆီးစစ်ဆေးပြီး ငွေမည်းတွေကို သိမ်းဆည်း

မူးယစ်ဆေးဝါးရောင်းချနေတဲ့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက အမျိုးသားတစ်ဦးကို သုံးရက်ကြာဖမ်းဆီးစစ်ဆေးကာ ရောင်းချထားတဲ့ ပိုက်ဆံ ၁၅၇သိန်းကျပ်ကိုသိမ်းဆည်းခဲ့တယ်လို့ လောင်းလုံး PDFက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့ ကိုအောင်မြင့်သိန်း၊ သူ့ရဲ့ ဇနီးနဲ့ သမီးတို့စီးနင်းလာတဲ့ဆိုင်ကယ်ကို အခုလ ၁၂ရက်နေ့က လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ လောင်းလုံးPDFက ဖမ်းဆီးခဲ့တာပါ။

ဇနီးနဲ့သမီးဖြစ်သူကိုတော့ချက်ချင်းပြန်လွတ်ပေးခဲ့ပြီး ကိုအောင်မြင့်သိန်းဟာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့်ဆက်လက်ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးရာမှာ ငွေကျပ် ၁၅၇ သိန်းကျပ်၊ ဖုန်း ၂လုံး၊ ဖုန်းငွေဖြည့်ကဒ်တွေ ၊ ဘဏ်စာအုပ်တစ်အုပ်နဲ့ ပျက်စီးနေတဲ့ ATM ကဒ်တစ်ခုကိုတွေ့ရှိခဲ့ပြီး တွေ့ရှိတဲ့ ငွေတွေဟာ မူးယစ်ဆေးဝါးရောင်းချထားတဲ့ငွေတွေဖြစ်ကြောင်း ထွက်ဆိုတာကြောင့် ၎င်းငွေတွေကိုသိမ်းဆည်းကာ လက်နက်ဝယ်ယူရာမှာအသုံးပြုမယ်လို့ ထုတ်​ပြန်ချက်မှာရေးသားထားပါတယ်။

ကိုအောင်မြင့်သိန်းဟာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေအတွက် မူးယစ်ဆေးဝါးရောင်းချနေသူသတ်သတ်သာဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် နောက်တကြိမ်ဒုစရိုက်လုပ်ငန်းနဲ့မူးယစ်ဆေးဝါးရောင်းချတာတွေပြုလုပ်ရင်ခွင့်လွှတ်မှာမဟုတ်ကြောင်းသတိပေး ကတိယူပြီးလွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီနှစ်ဇွန်လ ၁၀ရက်နေ့ကလည်း မောင်းမကန်ကျေးရွာက မူးယစ်ဂိုဏ်းဝင်ဆိုသူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ လင်မယားနှစ်ဦးကို လောင်းလုံးPDFနဲ့ DGRFအဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ဖူးပါတယ်။

The Tanintharyi Times