သံလွင်မြစ်ကို လောင်းကြေးထပ်ခြင်း

သံလွင်မြစ်ကို လောင်းကြေးထပ်ခြင်း

မြူတွေဆိုင်းနေတဲ့ မနက်ခင်းဟာ ကြည်လင်စပြုလာတာနဲ့ အမျှ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ဆိုဘ်မိုရီ ကျေးရွာကနေ မြန်မာနိုင်ငံ သံလွင်မြစ်ကမ်းဘက်က သောင်တွေကို သဲသဲကွဲကွဲ မြင်လာရပါပြီ။ သံလွင်မြစ်ဟာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်တို့ အကြားမှာ  သဘာဝနယ်နိမိတ် တခုအနေနဲ့ စီးဆင်းနေပါတယ်။
 
တိဘက်ကုန်းမြင့်ကနေ စတင်စီးဆင်းပြီး တရုတ်နဲ့ မြန်မာနိုင်ငံ တောင်ပိုင်းကို ဖြတ်သန်းပြီးတဲ့ နောက် အန်ဒမန်ပင်လယ်တွင်း စီးဝင်သွားတဲ့ ကီလိုမီတာ ၃၃၀၀ (မိုင် ၂၀၀၀ ခန့်) ရှည်လျားတဲ့ သံလွင်မြစ်ဟာ အာရှမှာ လွတ်လပ်စွာ စီးဆင်းနေတဲ့ အရှည်လျားဆုံး မြစ်တစ်စင်း ဖြစ်ပါတယ်။
 
ငါးမျိုးစိတ် ၂၀၀ ကျော်  ( လေးပုံတစ်ပုံလောက်က ကမ္ဘာပေါ်မှာ အခြားဘယ်နေရာမှာမှ မတွေ့ရှိရတဲ့ မျိုးစိတ်တွေ) ရဲ့ နေထိုင်ရာ ဒေသဖြစ်တဲ့ သံလွင်မြစ်၊  ကျယ်ပြန့်လှတဲ့ လယ်ယာမြေတွေ အတွက်  ရေပေးဝေနေတဲ့ သံလွင်မြစ်ဟာ  နိုင်ငံသုံးနိုင်ငံက ဌာနေတိုင်းရင်းသား အသိုက်အမြုံတွေအတွက် အစားအစာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ သုံးရေ၊ ချိုးရေကို ဖြည့်ဆည်းပေးနေတဲ့ အရေးကြီးတဲ့ အရင်းအမြစ်ဆိုလည်း မမှားပါဘူး။
 
မဲခေါင်မြစ်အပါအဝင် ဆက်စပ်မြစ်လက်တက်တွေမှာ ရေအားလျှပ်စစ်ဆည်တွေရဲ့ ပိတ်ဆို့ခံထားရတာ‌တောင် သံလွင်မြစ်ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံက လယ်သမားတွေ၊ တံငါသည်တွေကို ပိုနီးကပ်အောင် ချိတ်ဆက်ပေးထားတုန်းပါပဲ။
 
ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဆည်တွေကြောင့် သံလွင်ရဲ့ လွတ်လပ်စွာ စီးဆင်းဖို့ အာမခံချက်မရှိတော့ပါဘူး။
 
“ကျွန်မတို့ရဲ့ အစားအစာတွေကို မြစ်ကနေ ရပါတယ်။ ဒါကြောင့် သံလွင်မြစ်မှာ ဆည်ဆောက်မယ်၊ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် ကျွန်မတို့ရဲ့ မိသားစုတွေကို တကယ်သက်ရောက်မှုရှိမှာပါ” လို့ ကရင်အမျိုးသမီးအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး နော်ကညိုပေါ်က Sob Moeiရွာ မှာ မတ်လ ၁၄ ရက်နေ့ ဆည်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပြောခဲ့ပါတယ်။
 
သံလွင်မြစ် တလျှောက်မှာ အနည်းဆုံး ဆည် (၂၀) တည်ဆောက်ဖို့ ကို အဆိုပြုထားပြီး တရုတ်နိုင်ငံမှာ ၁၃ ခု၊ မြန်မာနိုင်ငံမှာ  ၇ ခု ပါဝင်ပါတယ်။ ဒါပေမယ့် ဒီများပြားလှတဲ့စီမံကိန်းတွေကို ဆယ်စုနှစ်များစွာကတည်းက စတင်စဉ်းစားခဲ့ကြပြီးမှ နောက်မှာ ဆိုင်းငံ့သွားတယ်လို့  ယူဆရပါတယ်။ တရုတ်နိုင်ငံကတော့ ၂၀၁၆ ခုနှစ်မှာ သံလွင်မြစ်ပေါ် ဆည်တွေတည်ဆောက်ရေး ဆုံးဖြတ်ချက် မချခင်ကတည်းကပင် ဆည်တည်ဆောက်ရေး လုပ်ငန်းတွေ ရွှေ့ဆိုင်းထားခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက အခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေ အတော် ကွာခြားနေခဲ့ပါပြီ။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူပြီးတဲ့နောက် တနိုင်ငံလုံး ပဋိပက္ခတွေ ပြည့်နှက်နေပါတယ်။
 
အာဏာသိမ်းပြီးချိန်ကစလို့ စစ်အာဏာရှင်တွေဟာ လူပေါင်း ၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၀၀၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးကာ  လူပေါင်း ၃ သန်းကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။ အဲ့လို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ သေဆုံးမှုဖြစ်စဉ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အရပ်သားတွေကို  စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
 
သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်ဖို့ အခွင့်အလမ်း စောင့်နေတဲ့ တရုတ်နဲ့ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ အခြေအနေငြိမ်သက်ဖို့ စောင့်ဆိုင်းနေရင်း ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်  စီစဉ်ထားတဲ့ ဆည် ၇ ခုကို အကောင်အထည်ဖော်ဖို့ရာ သေချာတဲ့ အနေအထားမှာ ရှိပါတယ်။
 
၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံ မြို့နယ် အားလုံးရဲ့ ၃၂ ရာခိုင်နှုန်း ကိုပဲ စစ်အုပ်စုက ထိန်းချုပ်ထားတယ်လို့ ခန့်မှန်းရပြီး တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နယ်မြေအများစု မှာ အောင်မြင်မှုများ ရရှိထားပါတယ်။ ကျွမ်းကျင်သူများကတော့ ဒီအချက်ဟာ သံလွင်မြစ်ရဲ့ ကံကြမ္မာအလှည့်အပြောင်းဖြစ်နိုင်တယ်လို့ သတိပေး ပြောဆိုထားကြပါတယ်။
 
 
 
 
◼ သံလွင်မြစ်ကို ရင်းထားတဲ့ မြန်မာ့ ရေအားလျှပ်စစ် အလောင်းအစား
 
မြန်မာနိုင်ငံဘက်က သံလွင်မြစ်ပင်မ တလျှောက် စီမံကိန်းရေးဆွဲထားတဲ့ ဆည် ၇ ခု အနက် ၃ ခုမှာ ရှမ်းပြည်နယ်မှာ ရှိနေပါတယ်။ သူတို့ကတော့ ၁,၄၀၀ မဂ္ဂါဝပ်ရှိတဲ့ ကွမ်းလုံဆည်၊ ၁,၂၀၀ မဂ္ဂါဝပ်ရှိ နောင်ဖဆည်နဲ့ ၇,၀၀၀ မဂ္ဂါဝပ်ရှိ မိုင်းတုံဆည်တို့ပါ။ ဆည်သုံးခုစလုံးက တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံရဲ့  အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ “ညီညွတ်သော ဝ ပြည်တပ်မတော် (UWSA)” ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်အစိတ်အပိုင်းတွေမှာ တည်ရှိပါတယ်။
 
မြောက်ဘက်အကျဆုံးဆည်ဖြစ်တဲ့ ကွမ်းလုံဆည်အတွက် အဓိက ဦးဆောင်လုပ်ကိုင်မယ့် ကော်ပိုရိတ်တွေကတော့ Hanergy Holding Group နဲ့ Powerchina International Group တို့ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၀ ခုနှစ်မှာ အတည်ပြုခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ ဒေသခံ ပြည်သူ ၃၀,၀၀၀ နီးပါးကို နေရပ်ရွှေ့ပြောင်းစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လုပ်ငန်း အရှိန်အဟုန် ကျဆင်းလာတာကြောင့် ယခုအခါမှာတော့ စီမံကိန်း တခန်းရပ်နေပြီလို့ ထင်ရပါတယ်။
 
တဘက်မှာ ၂၀၀၉ ခုနှစ်က တရုတ်နိုင်ငံပိုင် ဟိုက်ဒရိုချိုင်းနားနဲ့ ဆည် ၂ ခု သဘောတူညီချက်ရဲ့ တစ်စိတ်တဒေသအနေနဲ့ အတည်ပြုခဲ့တဲ့ နောင်ဖဆည်မှာတော့ တည်ဆောက်ရေး ဆက်လက်လုပ်ကိုင် နေပါသေးတယ်။ ဟိုက်ဒရိုချိုင်းနားနဲ့ ၂၀၀၉ ခုနှစ် သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ သံလွင်မြစ်ရဲ့ မြစ်လက်တက်တစ်ခုပေါ်မှာ တည်ဆောက်နေတဲ့ ၂၂၅ မဂ္ဂါဝပ်ရှိ မိုင်းတုံဆည်လုပ်ငန်းကတော့ ဆက်လက် လည်ပတ်နေပါတယ်။
 
မိုင်းတုံဆည်က ၂၀၁၀ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ လက်အောက်ခံ EGAT International နဲ့ တရုတ်နိုင်ငံက China Three Gorges Corporation and Sinohydro တို့က အကျိုးတူ ပူးပေါင်း လုပ်ကိုင်ပါတယ်။  အစောပိုင်းတည်ဆောက်မှုတွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ EIA တင်သွင်းခဲ့ပေမယ့် အဲ့ဒီ EIA ကို အတည်ပြုခဲ့သလားဆိုတာကတော့ ခုထိ မရှင်းလင်းသေးပါဘူး။ EGAT က ဒီစီမံကိန်းမှာ ပါဝင်ခဲ့တဲ့အပေါ်  ဝေဖန်မှု ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်းတစ်လျှောက်က လူပေါင်း ၃၀၀,၀၀၀ နီးပါး ရွှေ့ပြောင်းခံရမှုမှာ အဓိက လက်သည် ဖြစ်ပါတယ်။  
 
နောက်ထပ် ဆည် ၄ ခုကတော့  အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို အဓိက ဆန့်ကျင်တွန်းလှန်နေတဲ့ ကရင်နဲ့ ကရင်နီ လူမျိူးများ နေထိုင်တဲ့ ပြည်နယ်တွေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
 
၄,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်မယ့် ရွာသစ်ဆည်ကို ယခု ကရင်နီတပ်မတော်ထိန်းချုပ်ထားတဲ့ ကရင်နီပြည်မှာ ဆောက်ဖို့ စီမံကိန်းရေးဆွဲထားခဲ့ကြတာပါ။ ၇၉၂ မဂ္ဂါဝပ်ရှိ ဒက်ဂွင်းဆည်နဲ့ ၁,၃၆၀ မဂ္ဂါဝပ်ထုတ်ပေးမယ့် ဟတ်ကြီးဆည်တို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော ကရင်ပြည်နယ်မှာ တည်ဆောက်ဖို့ အဆိုပြုထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကတော့ စစ်ကောင်စီကိုရော သံလွင်မြစ်ပေါ်က ဆည်တည်ဆောက်မှုကိုပါ၊ အပြင်းအထန် ဆန့်ကျင်တဲ့ အင်အားကြီး တပ်မတော်တစ်ခု ကို ပိုင်ဆိုင်ထားပါတယ်။ ၅,၈၀၀ မဂ္ဂါဝပ်ထုတ်လုပ်မယ့် ဝဲကြီးဆည် ရဲ့ တည်ဆောက်မှု အဆိုပြုထားတဲ့ တည်နေရာကလည်း ကရင်နီနဲ့ ကရင်ပြည်နယ်တွေရဲ့ နယ်စပ်မှာ တည်ရှိပါတယ်။ 
 
◼  နယ်စပ်ဖြတ်ကျော် ဆန့်ကျင်မှုများ 
 
“ယနေ့မှာ လူများစွာဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ဒီကိုလာကြရတာပါ” လို့  မတ်လ ၁၄ ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ပြောလာခဲ့သူက ကညော်ပေါ် ပါ။
 
“ကရင်တပ်တွေက အင်အားကောင်းတယ်၊ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးတပ်တွေထဲက တစ်တပ်ဖြစ်တယ်၊ ဒါကြောင့် မြစ်က လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ရနေဆဲပါ၊ ဒီနေရာက တပ်တွေက မြစ်ကိုကာကွယ်ပေးနေတဲ့အတွက်ပါ။ ဒါပေမယ့် မြောက်ပိုင်းမှာတော့ အခြေအနေက ကွဲပြားနေပါတယ်၊ ရှမ်းပြည်က တပ်တွေက သံလွင်မြစ်ပေါ်မှာ ဆည်တည်ဆောက်ခွင့် ပေးမလား မပေးဘူးလားဆိုတာ မသိပါဘူး၊ ဆည်တည်ဆောက်လိုက်ရင် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။ တောင်ပိုင်းမှာ ဆည်တွေ တည်ဆောက်လိုက်ရင်လည်း ကျေးရွာတွေအများကြီး ရေလွှမ်းမိုးခံရမှာဖြစ်ပြီး ရေကြီးမှုအန္တရာယ်လည်း ရှိလာမှာပါ” လို့ သူက ဆက်လက် ရှင်းပြပါတယ်။ 
 
သံလွင်မြစ် စီးဆင်းတဲ့ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေ တလျှောက် ပဋိပက္ခ၊ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီပြည်နယ်တွေရဲ့ လူဦးရေ အများစုဖြစ်တဲ့ လူမျိူးစုကျေးရွာတွေအတွက် အသက်ရှင်ရပ်တည်ဖို့ အတော်ခက်ခဲလာခဲ့တယ် လို့  International Rivers ရဲ့ အရှေ့တောင်အာရှ စည်းရုံးရေးဒါရိုက်တာ ဖီယာပွန်ဒီးတက်က ပြောပါတယ်။ ဖီယာပွန်က ဆယ်စုနှစ်များစွာ သံလွင်မြစ်ပေါ်က ဆည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ခဲ့သူ ဖြစ်ပါတယ်။
 
“လူတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်နေရတာ၊ ဒါက ဒီတိုင်းတောင် ခက်ခဲနေတာ၊ ဒီတော့ ဆည်တည်ဆောက်လိုက်ရင်၊ မြစ်က ရေလှောင်ကန်ဖြစ်သွားရင်၊ သူတို့ရဲ့ လယ်ယာမြေတွေ၊ ခိုလှုံရာနေရာတွေ ဆုံးရှုံးသွားရင် မြန်မာနိုင်ငံက ဒေသခံတွေအပေါ် လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုတွေ ပိုမိုဆိုးရွားလာမှာပါ” လို့ သူက ဆိုပါတယ်။
 
ထိုင်းနိုင်ငံရဲ့ ကာလရှည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား၊ Goldman Prize ဆုရှင် နီဝတ်ရော့ကယ်က မတ်လ ၁၃ ရက်က ဆိုဘ်မိုရီကျေးရွာမှာ  ပြောခဲ့ရာမှာတော့ သံလွင်မြစ်ကို ကာကွယ်ဖို့ နယ်စပ်ဖြတ်ကျော် ခုခံကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ရင် မဲခေါင်မြစ်ရဲ့ ကံကြမ္မာလို ခံစားရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
 
“ကျွန်တော်တို့ရဲ့ မြစ်တွေကို နှိုင်းယှဉ်ကြည့်ရင် မဲခေါင်မြစ်ဟာ ဆည်တွေကြောင့် လုံးဝသေဆုံးသွားပါပြီ၊ မြစ်ကို ပိတ်ဆို့လိုက်တဲ့အတွက်ပါ” ဟု သူက ပြောပါတယ်။
 
“သံလွင်မြစ်မှာ ဆည်တွေ မရှိသေးတာကို ကျွန်တော် ဝမ်းသာမိပါတယ်၊ ဒါပေမယ့် ဒီနေ့ ဒီကိုလာရတဲ့အကြောင်းက မဲခေါင်မြစ်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို မျှဝေဖို့ပါပဲ၊ ဒီမြစ်ပေါ်မှာ ဆည်တွေ မဆောက်စေရဘူး။” 
 
 
 
◼  အခြိမ်းခြောက်ခံမြစ် 
 
ဒီရေအားလျှပ်စစ်စီမံကိန်းတွေက  အဓိကအားဖြင့်တော့ မြန်မာဘက်မှာ အခြေတည်ပေမယ့် သူတို့ရဲ့ သက်ရောက်မှုကတော့ နယ်စပ်မျဉ်းတွေကို ကျော်လွန်ပြီး ထိုင်းနိုင်ငံမှာပါ ခံစားရနိုင်ပါတယ်။
 
အဲ့ဒီလို စီမံကိန်းကြီးတွေထဲကတစ်ခုက ဟတ်ကြီးဆည် ဖြစ်ပြီးတော့ မတ်လတုန်းက ဆန္ဒပြသူတွေစုဝေးခဲ့တဲ့ ဆိုဘ်မိုရီကျေးရွာက တောင်ဘက် ၄၇ ကီလိုမီတာ (၂၉ မိုင်) အကွာမှာ တည်ဆောက်ဖို့ စီစဉ်ထားပြီး EGAT ကလည်း မျက်စိကျ အာရုံစိုက်နေပါတယ်။
 
EGAT ကတော့  ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ကြေးရှိတဲ့ အခု စီမံကိန်းရဲ့ ပူးပေါင်းဖွံ့ဖြိုးရေးလုပ်ငန်းရှင် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ်များတစ်လျှောက် မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့်  ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ  စစ်အာဏာသိမ်းမှုက ဟတ်ကြီးဆည် ရဲံ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကနှေးကွေးစေခဲ့တာလို့ ယူဆရပါတယ်။
 
ဟတ်ကြီးဆည် ဆက်လက်တည်ဆောက်မယ်ဆိုရင်  ဆိုဘ်မိုရီကျေးရွာတစ်ရွာလုံး ဆည်ရေလှောင်ကန်အောက်မှာ နစ်မြုပ်သွားမှာဖြစ်တယ်လို့ ရေစီမံခန့်ခွဲမှုအခြေခံအုတ်မြစ်ကွန်ရက် အဖွဲ့ဥက္ကဋ္ဌ ဟန်နာရုံးရာဝါလက်က ပြောကြားပါတယ်။
 
“မိုရီမြစ်ကို ဖြတ်တောက်လိုက်မယ်၊ ဟတ်ကြီးဆည်တည်ဆောက်ရင် မြစ်တကြောလုံး ထိခိုက်မှုရှိမယ်၊ ဒါပေမယ့် ဆည်တည်ဆောက်ဖို့ လုပ်ခဲ့တဲ့ EIA မှာ မိုရီမြစ်အပေါ် ဘယ်လိုသက်ရောက်မှုမှ မရှိဘူးလို့ ဖော်ပြထားတယ်၊ ဒါကြောင့် လူတွေက စိုးရိမ်နေကြတာ သိပ်မဆန်းပါဘူး” လို့ ဟန်နာရုံးက မတ်လ ၁၄ ရက်မှာ  Mongabay ကို  ပြောပါတယ်။
 
ဆက်လက်ပြီး “ရေလွှမ်းမိုးမှုတွေက ဆိုဘ်မိုရီကျေးရွာကို မုချနစ်မြုပ်သွားမှာ၊ ဒီဒေသက လူတွေက ငါးဖမ်းတာ၊ လယ်လုပ်တာတွေ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး၊ သောက်ရေသန့် ချိုးရေသန့်တွေ ရနိုင်မှာ မဟုတ်ဘူး၊ ပြောင်းရွှေ့ဖို့အတွက်တောင် မပြောပလောက်တဲ့ လျော်ကြေးတွေတောင် သူတို့ကို မပေးထားဘူး” လို့ ဆိုပါတယ်။
 
ဒါပေမယ့် ထိုင်းနိုင်ငံဘက်က ဟတ်ကြီးဆည်အပေါ် စိတ်ဝင်စားမှုက ပိုမိုနက်ရှိုင်းပါတယ်။ ဒီဆည်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကရင်ကျေးရွာတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမယ့် ပိုကြီးမားတဲ့ ထိုင်းအခြေခံအဆောက်အဦစီမံကိန်းတွေမှာ အခန်းကဏ္ဍတခု ပါဝင်နိုင်ဖွယ်ရှိပါတယ်။ 
 
ယွမ်မြစ်ရေလွှဲပြောင်းစီမံကိန်းက လည်း အခုမှ အသစ်အဆန်း မဟုတ်ပါဘူး။  နှစ် ၂၀ ကျော်ကြာ လေ့လာဆန်းစစ်ခဲ့ပြီးတဲ့နောက် သံလွင်မြစ်ရဲ့ အဓိက မြစ်လက်တက်တစ်ခုဖြစ်တဲ့ ယွမ်မြစ်ကနေ  နှစ်စဉ် ရေ ၁ ဒသ ၇၉ ဘီလီယံကုဗမီတာ (၄၇၃ ဘီလီယံ ဂါလန်) ကို ၆၂ ကီလိုမီတာ (၃၉ မိုင်) ရှည်တဲ့ တူးမြောင်းတွေကတဆင့်  မြေဧရိယာ ၅၈၂ ဒသမ ၆၈ ဟက်တာ (၁,၄၄၀ ဧက) ရှိတဲ့ သစ်တောတွေကို(မဲငါးအမျိုးသားဥယျာဉ်အပါအဝင်)ပါ ရှင်းလင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်စီရင်စု ဟော့ခရိုင်ကို ‌ရေပို့လွှတ်ဖို့ ရည်ရွယ်ထားတာပါ။
 
အဲ့ဒီ ရေကို ပင်းမြစ်ထဲ စုပ်ယူပေးပို့ပြီး တောင်ဘက်က ဘူမိ‌ဘောလ် ဆည်  ရေလှောင်ကန်ကို  စီးဆင်းစေပြီးတော့ ထိုင်းနိုင်ငံ ဆန်စပါးထုတ်လုပ်မှုရဲ့ ၃၀% ခန့်ကို ထုတ်လုပ်ပေးနေတဲ့ ကျောက်ဖရား မြစ်ဝှမ်းမှာ လိုအပ်သလို သိုလှောင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
သို့သော်လည်းပဲ ကျောက်ဖရားမြစ်ဝှမ်းရှိ လယ်ယာမြေတွေထဲကို ရေလွှဲပြောင်းခြင်းကိစ္စဟာ သံလွင်နဲ့ ယွမ်မြစ်တွေအပေါ် မှီခိုနေရတဲ့ ကရင်ကျေးရွာတွေကို ရေခမ်းခြောက်စေမယ့် ဘေးထွက်ဆိုးကျိုးရှိနေပါတယ်။
 
စီမံကိန်း ပထမအဆင့်မှာ  ယွမ်မြစ်ကို ဆည်တည်ဆောက်ပြီး ရေကို ဘူမိဘောလ် ရေလှောင်ကန်ဆီ စုပ်ယူပေးပို့မှာ ဖြစ်ပေမယ့် ဒုတိယအဆင့်မှာ ဟတ်ကြီးဆည်တည်ဆောက်ပြီး သံလွင်မြစ်ထဲက ရေကို ယွမ်မြစ်ကတစ်ဆင့် ကျောက်ဖရားမြစ်ဝှမ်းကို စုပ်ယူရေသွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
 
ဒီမြေပုံမှာ သံလွင်မြစ်ရဲ့ စီးဆင်းမှုကို ပြသထားပြီး မိုရီမြစ်မှတစ်ဆင့် ယွမ်မြစ်သို့ စီးဝင်သွားပါတယ်။ ရေလွှဲပြောင်းစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ရင် ယွမ်နဲ့ သံလွင်မြစ်နှစ်စင်းစလုံးပေါ် ဆည်တည်ဆောက်ပြီး ရေကို ထိုင်းနိုင်ငံတစ်လျှောက် ကျောက်ဖရားမြစ်ဝှမ်းမှာရှိတဲ့ လယ်ယာမြေတွေကို စုပ်ယူရေသွင်းမှာ ဖြစ်ပါတယ်။
 
◼ ဘယ်သူပိုင်တဲ့ရေလဲ 
 
“ထိုင်းအစိုးရက ယွမ်မြစ်ရေလွှဲပြောင်းစီမံကိန်းကို တွန်းအားပေးဖို့ ကြိုးစားနေပေမယ့် ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်၊ အချက်အလက်တွေ စု‌ဆောင်းနေပါတယ်” လို့ ယွမ်၊ ငါး၊ မဲနဲ့ သံလွင်မြစ်ဝှမ်းရှိ ပြည်သူ့ကွန်ရက် ညှိနှိုင်းရေးမှူး သာသာန်ချီဝါဝီချိုးပေါင်းက ပြောပါတယ်။
 
“ဒါက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ဖန်တီးမယ်၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေမယ်၊ ဒေသတစ်ခုလုံးမှာ စီးပွားရေးဆိုင်ရာ ပြဿနာတွေ ဖြစ်စေမယ်”  လို့ သူက ဆိုပါတယ်။
 
ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဘူရီရတ်ဝမ်းဘူရီက Mongabay ကို အီးမေးလ်က တဆင့်  ပြောကြားရာမှာတော့  ရေလွှဲပြောင်းစီမံကိန်းမှာ ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အကျိုးအမြတ်နဲ့ ကော်ပိုရိတ်ဝင်ငွေခွန်မပါဘဲ ဘတ်ငွေ ၁၇၀ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ) ကုန်ကျမှာဖြစ်ပေမယ့်လည်း ပုဂ္ဂလိကကဏ္ဍဘက်က ဖွံ့ဖြိုးရေးလုပ်ငန်းရှင် မပါဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
 
ဒီစီမံကိန်းမှာ ဘူမိဘောလ်ဆည်ကို ရေထောက်ပံ့မှုကို တိုးမြှင့်ပြီး ကျောက်ဖရားမြစ်ဝှမ်းအတွက် စိုက်ပျိုးရေး၊ သောက်သုံးရေ၊ ဂေဟစနစ်ထိန်းသိမ်းရေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ရေကို ထောက်ပံ့ပေးမှာလို့ ဘူရီရတ်က ဆိုပါတယ်။ ၁ ဒသမ ၇၉ ဘီလီယံကုဗမီတာ ဆိုတဲ့ ပမာဏက ၁၉၇၁ မှ ၂၀၁၅ ခုနှစ်အထိ ယွမ်မြစ်ဝှမ်း စောင့်ကြည့်လေ့လာရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေထဲက ပျမ်းမျှထုတ်ယူထားတာ ဖြစ်ပြီးတော့ သူတွက်ချက်ထားတဲ့ ယွမ်မြစ်ရဲ့ နှစ်စဉ် ပျမ်းမျှရေစီးပမာဏ ၂ ဒသမ ၈၅ ဘီလီယံကုဗမီတာ (၇၅၃ ဘီလီယံ ဂါလန်) ရဲ့ ၆၂% နှင့် ညီမျှတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 
 
စီမံကိန်းသက်ရောက်မှုခံရမယ့် ကျေးရွာတွေနဲ့ ပတ်သက်ပြီး ဘူရီရတ်က Mongabay ကို ပြောကြားရာမှာတော့ ဒီစီမံကိန်းကြောင့် လူ ၂၉ ဦး မြေဆုံးရှုံးမှာ ဖြစ်ပြီး ၀ ဒသမ ၅ ကီလိုမီတာ (၀ ဒသမ ၃ မိုင်) အကွာအဝေးအတွင်းရှိ ကျေးရွာ ၁၆ ရွာနဲ့ အဲ့အပြင်ဘက်မှာရှိတဲ့ ကျေးရွာ ၃၀ ကိုပါ ထိခိုက်မယ်လို့ ဆိုပါတယ်။ သို့သော်လည်း စီမံကိန်း ဆက်လက်လုပ်ဆောင်မယ်ဆိုရင် မြစ်ကို အသုံးပြုခွင့် ဆုံးရှုံးရမယ့် လူမျိုးစုကျေးရွာတွေ  ပါဝင်သလားဆိုတာ ကိုတော့  သူက မဖော်ပြထားပါဘူး။  
 
ယွမ်မြစ်ကနေ ကျောက်ဖရားမြစ်ဝှမ်းဆီ ရေလွှဲပြောင်းပေးတာကြောင့် ဘတ်ငွေ ၁၈ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၅၆၇ သန်း) ရရှိမှာဖြစ်ပြီး နွေရာသီမှာ စိုက်ပျိုးနိုင်တဲ့ မြေဧက ၂၅၆,၀၀၀ (၆၃၃,၀၀၀ ဧက) ခန့် တိုးပွားလာမှာလို့ ဘူရီရတ်က ဆိုပါတယ်။ လယ်သမား အိမ်ထောင်စု ၇၀,၀၀၀ ခန့်မှာ နှစ်စဉ် ပျမ်းမျှဝင်ငွေ ၁၅၅,၄၄၄ ဘတ် (ဒေါ်လာ ၄,၇၆၀) တိုးပွားလာမယ်လို့ သူက ပြောပါတယ်။
 
ဘူရီရတ် အနေနဲ့ ဒီ အချက်အလက်တွေကို ဘယ်လိုရရှိခဲ့တယ် ဆိုတာကို ရှင်းပြတာ သို့မဟုတ် အတည်ပြုစာရွက်စာတမ်းတွေ ပေးတာမျိုးတော့ မရှိပါဘူး။
 
“မြစ်ဝှမ်းတစ်ခုက ရေကို အခြားမြစ်ဝှမ်းကို ၃၀ ရာခိုင်နှုန်း ထက် ပိုမလွှဲပြောင်းသင့်ပါဘူး။ ကျွန်မတို့ တွက်ချက်ကြည့်တော့ ရှိပြီးသား အချက်အလက်တွေအရ ယွမ်မြစ်ဝှမ်းရဲ့ ရေ ၈၀% ကျော်ကို လွှဲပြောင်းဖို့ ရည်ရွယ်နေတာပါ၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”  လို့ International Rivers ရဲ့ ပီယာပွန်းက ပြောပါတယ်။
 
သူက  အနည်းဆုံး ကျေးရွာ ၃၆ ရွာက ဒီ စီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက်မယ်လို့ ဖြည့်စွက်ပြောပေမယ့် တရားဝင်မြေယာပိုင်ဆိုင်ခွင့် မရှိတဲ့အတွက် ကျေးရွာများစွာကို ရေတွက်မခံထားရဘူး လို့လည်းဆိုပါတယ်။ 
 
၂၀၁၉ ခုနှစ် EIA လုပ်ငန်းစဉ်က အခြေခံအားဖြင့် ချို့ယွင်းနေပြီး ကျေးရွာသားများကို ထိုင်းဘာသာစကားနဲ့ပဲ တိုင်ပင်ဆွေးနွေးခဲ့တဲ့အတွက် EIA ထုတ်ပြန်တဲ့အထိ တိုင်ပင်ဆွေးနွေးသူတွေက ကျေးရွာသားအချို့ရဲ့ ဓာတ်ပုံတွေကိုတောင် သတိမထားမိဘဲ ရိုက်ယူခဲ့တယ်လို့ ပီယားပွန်က ပြောပါတယ်။
 
အဲ့လိုအခြေအနေမှာ ဘေးဒဏ်သင့်မယ့် ကျေးရွာတွေအနေနဲ့ အဲ့ဒီအကဲဖြတ်မှုစစ်တမ်းတစ်စောင်ရဲ့ မိတ္တူတစ်စောင်ရဖို့တောင် ဘတ်ငွေ ၂၀,၅၂၆ (ဒေါ်လာ ၆၃၀) ပေးရမှာဖြစ်ပါတယ်။ 
 
“သူတို့ရဲ့ ဒီပြဿနာကို ကြည့်တဲ့နည်းက ခေတ်နောက်ကျပြီး သဘာဝအရင်းအမြစ်တွေကို အာဏာရှင်ဆန်ဆန် ကြည့်တဲ့နည်းပါပဲ” ဟု ပီယာပွန်း က ပြောပါတယ်။
 
“ဒါက အားလုံးပါဝင်မှုလည်းမရှိဘဲ လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်ခွင့်တွေကိုလည်း မလေးစားပါဘူး။” 
 
ဒီကွဲလွဲမှုတွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ချင်းမိုင်အုပ်ချုပ်ရေးတရားရုံးက အဲဒီစီမံကိန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်တွေအပေါ် တိုင်ကြားမှုကို လက်ခံပြီး တိုင်ကြားမှု ဖြေရှင်းသည်အထိ လုပ်ငန်းစဥ် ရပ်တန့်လိုက်သည်အထိ ဖြစ်လာခဲ့ပါတယ်။
 
ပီယားပွန်းအတွက်ကတော့ ဒီတရားစွဲဆိုမှုက အစသာဖြစ်ပါတယ်။ သံလွင်မြစ်ဝှမ်းမှာ ရင်ဆိုင်နေရတဲ့ များပြားလှတဲ့ခြိမ်းခြောက်မှုတွေကို ပိုမိုသိရှိလာရင် ထိုင်းနိုင်ငံအတွင်းက ဒီစီမံကိန်းတွေကို ပိုမိုဆန့်ကျင်လာကြမယ်ဟု သူက ပြောပါတယ်။
  
“ဒါက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိတဲ့ လွတ်လပ်စွာစီးဆင်းနေတဲ့ မြစ်တွေထဲက တစ်ခုပါ၊ သဘာဝအတိုင်း ရှိနေတုန်းပါ၊ ဒါကြောင့် ဘာလို့ ဒါကို မကာကွယ်ကြတာလဲ” ဟု ပီယာပွန်းက ပြောပါတယ်လို့ သူက ဆိုပါတယ်။
 
ဆက်လက်ပြီး သူ မေးခွန်း ထုတ်လိုက်တာက….
 
“ဘာလို့ နောက်မျိုးဆက်တွေအတွက် အမြဲတမ်း ကာကွယ်မှုပေးဖို့ မလုပ်ကြတာလဲ။”
 
(Mongabay မှာ ဆောင်းပါးရှင် Gerald Flynn ရေးသားထားတဲ့ Specter of dams and diversion looms over Southeast Asia’s Salween River ဆောင်းပါးရှည်ကို ဘာသာပြန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်)
 
  (ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

အုန်းညို

The Tanintharyi Times