တော်လှန်ရေးအင်အားစုအချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြဖို့ သပိတ်ကော်မတီတိုက်တွန်း

တော်လှန်ရေးအင်အားစုအချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြဖို့ သပိတ်ကော်မတီတိုက်တွန်း

တော်လှန်ရေးအင်အားစုအချင်းချင်း အပြန်အလှန် ထိန်းကျောင်းသွားဖို့ အရေးတကြီးလိုအပ်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဒီကနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အချို့လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံရေးအရ ယုံကြည်ချက်ကွဲပြားတဲ့ အရပ်သားပြည်သူတွေကို သက်သေအထောက်အထား ခိုင်လုံမှုမရရှိပဲ စစ်ကောင်စီသတင်းပေး ဒလန်လို့ တရားဥပဒေမဲ့ စွပ်စွဲသတ်ဖြတ်တာတွေကို ပြုလုပ်နေတာတွေ့ရှိရကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲဒီလို အရပ်သားပြည်သူတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတန်ဖိုးတွေနဲ့ သွေဖည်နေပြီး ပြည်သူလူထုရဲ့ တရားတဲ့ ခုခံတော်လှန်စစ်ပုံရိပ်ကို ထိခိုက်ကျဆင်းစေတယ်လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် လူထုတော်လှန်ရေးရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို ထိခိုက်စေတဲ့ တရားဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထပ်မံဖြစ်ပွားတာ မရှိစေဖို့အတွက် တော်လှန်ရေးအင်အားစုတွေအချင်းချင်းထိန်းကျောင်းဖို့ပြောဆိုလိုက်တာပါ။

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီအနေနဲ့ ပြည်သူလူထုရဲ့ ခုခံတော်လှန်စစ်ကို ထောက်ခံပြီး အကြမ်းမဖက်လူထုလှုပ်ရှားမှုကို တိုက်ပွဲနည်းနာတစ်ရပ်အဖြစ် ကိုင်စွဲလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

နောက်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်းချက်တွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေပါ စံတန်ဖိုးတွေကို လေးစားလိုက်နာပြီး ဒီနေ့အချိန်အထိ အကြပ်အတည်း အခက်အခဲကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times