Kaung For You ကျောင်းနဲ့ပတ်သက်ပြီး NUG ငွေလိမ်လည် တောင်းခံနေတာတွေကို NUG က စုံစမ်းဖော်ထုတ်သွားမယ်
Kaung For You ကျောင်းနဲ့ပတ်သက်ပြီး NUG ငွေလိမ်လည် တောင်းခံနေတာတွေကို NUG က စုံစမ်းဖော်ထုတ်သွားမယ်
Kaung For You ကျောင်းရဲ့ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်၊ ငွေလိမ်လည်တောင်းခံနေတာတွေကို စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရဖို့ ဆောင်ရွက်သွားမယ်လို့ NUG က စာထုတ်ပြန်ပါတယ်။
ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုးအဖမ်းခံရတဲ့အကြောင်း သတင်းစတင်ပျံ့နှံ့လာတဲ့ အချိန်ကစပြီး ကျောင်းအပ်နှံ့ဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသားမိဘတချို့ဆီကို ခြိမ်းခြောက်ငွေတောင်းတဲ့စာတွေ ဖုန်းကနေ တဆင့်ရောက်ရှိလာခဲ့ကြပါတယ်။
ဖုန်းနဲ့ ပေးပို့တဲ့ စာထဲမှာ “K4u ၏ G— သို့ ကျောင်းတက်ရန် လျှောက်ထားသည့် မ/မောင်— ဘ/မိ မှတ်ပုံတင်နံပါတ် — ၏ Data များ မပေါက်ကြားလိုပါက ကျောင်းသို့ လှူဒါန်းမည့် ငွေ ၃ လစာအား Ph No အချင်းချင်း Pw ဖြင့်လွှဲပြီး ID နှင့် PW အား ယခုဖုန်းသို့ ပြန်ပို့ပါ” လို့ ရေးသားထားကြောင်း Mratt’s Channel က ဖော်ပြပါတယ်။
ခြိမ်းခြောက်စာပို့ခံရတဲ့ သတင်းစကားတွေ ဆိုရှယ်မီဒီယာမှာပျံ့နှံ့လာတဲ့အခါမှာ ကျောင်းတက်ဖို့ လျှောက်လွှာတင်ခဲ့သူတွေနဲ့ ကျောင်းမှာ အလုပ်လုပ်ကိုင်ဖို့ လျှောက်လွှာတင်ဖူးခဲ့သူတွေဟာ စိုးရိမ်စိတ်တွေ ဖြစ်နေခဲ့ကြပြီး၊ တချို့မှာ ရှောင်တိမ်း နေကြပါတယ်။
Kaung For You မှာ သားဖြစ်သူကို မူလတန်းအပ်နှံ့ထားတဲ့ မိခင်တစ်ဦးကတော့ သူ့ဆီကို ခြိမ်းခြောက်စာ ရောက်မလာပေမဲ့ လုံခြုံရေးအရ ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ဖျက်ထားရတယ်လို့ ပြောပြပါတယ်။
NUG ကတော့ ခြိမ်းခြောက်ငွေညစ်တောင်းခံသူတွေအနေနဲ့ တိုင်ကြားနိုင်တဲ့ Hotline Channel တွေကို အသိပေးသွားမယ်လို့ ဆိုပါတယ်။
ကျောင်းအပ်နှံ့ထားတဲ့ ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ပေးသွားမယ်လို့လည်း NUGက အသိပေးထားပါတယ်။
Kaung For You ကျောင်းတည်ထောင်သူနဲ့ မူလတန်းပြဆရာနှစ်ဦးကို အောင်ပန်းမြို့မှာ ဇူလိုင် ၁၃ ရက်က ဖမ်းဆီးခဲ့သလို မြိတ်နဲ့ တောင်ကြီးက ဆရာ၊ ဆရာမတချို့ကိုလည်း စစ်ကောင်စီက မကြာခင်ရက်ပိုင်းကပဲ ဖမ်းဆီးထားပါတယ်။
The Tanintharyi Times
