ပန်းတင်အင်းရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး ရွာခံအချို့ကို ဖမ်းဆီးထား

ပန်းတင်အင်းရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး ရွာခံအချို့ကို ဖမ်းဆီးထား

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာထဲကို စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်လာပြီး ရွာခံအချို့ကိုဖမ်းဆီးထားတယ်လို့ ​ဒေသခံကတွေက ပြောပါတယ်။

“ရွာထဲမှာ ဟိုလမ်းဝင် ဒီလမ်းဝင်နဲ့ သွားလာနေကြတယ်။ ရွာသား သုံးလေးယောက်လောက်ကိုတော့ သူတို့နဲ့အတူဖမ်းထားတယ်လို့ကြားရပါတယ်” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူ အရေအတွက်အသေးစိတ်ကိုတော့မသိရသေးပါဘူး။

အခုမနက် ၈ နာရီဝန်းကျင်လောက်ကစပြီး ခြေလျင်စစ်ကြောင်းအပြင် စစ်ကား ၅စီးခန့်နဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ နဘုလယ်ဒေသဘက်ကနေ ပန်းတင်အင်းရွာထဲကို ဝင်ရောက်လာတာဖြစ်ပြီး အင်အား ၁၀၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။

၉ နာရီခွဲဝန်းကျင်လောက်မှာတော့ လက်နက်ကြီးသံလို့ယူဆရတဲ့ ပစ်ခတ်သံနှစ်ချက်ကြားတယ်လို့လည်း ဒေသခံကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကဆိုင်ကယ်အချို့ကို ကားတွေပေါ် တင်ဆောင်ထားတယ်လို့ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ပန်းတင်အင်းရွာထဲကဘုန်းကြီးကျောင်းမှာရှိနေကြပြီး ဖမ်းဆီးခံထားရသူတွေလည်း ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။

ပန်းတင်အင်းရွာကို အခုရောက်ရှိနေတဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းက နဘုလယ်ဒေသအတွင်းက ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။

အဲဒါကြောင့်ဒေသခံအများအပြား နီးစပ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ဒေသခံအချို့ နေရပ်ပြန်လာနေကြပြီလို့သိရပါတယ်။

The Tanintharyi Times