ထားဝယ်မြို့က စစ်ကောင်စီတပ် လောင်းလုံးမြို့နယ်ထဲကိုလက်နက်ကြီးနဲ့ပစ်
ထားဝယ်မြို့က စစ်ကောင်စီတပ် လောင်းလုံးမြို့နယ်ထဲကိုလက်နက်ကြီးနဲ့ပစ်

ထားဝယ်မြို့ ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လောင်းလုံးမြို့နယ်က ဝက်မွေးမြူရေးခြံထဲကိုကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့ည ၈ နာရီကျော်လောက်မှာ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန(နတလ)ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာပါ။
အဲဒီထဲက လက်နက်ကြီးကျည်တစ်လုံးဟာ မင်းရပ်ရွာထဲက ဝက်မွေးမြူရေးခြံတစ်ခုထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံတချို့ ပျက်စီးပြီး ဝက်တစ်ကောင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ဝက်ခြံက အိမ်တွေနဲ့တောင် သိပ်မကွာဘူး။ ကျနော်တို့လည်း ညဘက်ကြီး ဘယ်ပြေးရမှန်းမသိဘူး။ အိပ်ပေါ်ကျရင် အကုန်လုံးတောင် သေနိုင်တယ်” လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နောက်ထပ် လက်နက်ကြီးကျည်တစ်လုံးလည်း မင်းရပ်ရွာအရှေ့ဘက်က အုတ်ဖိုအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာနဲ့ ပစ်ခတ်ခဲ့တဲ့နေရာဟာ နှစ်မိုင်ကျော်ခန့် ကွာဝေးပါတယ်။
စစ်ကောင်စီတပ်ဟာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန(နတလ)ရုံးကို တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် အခုလို လက်နက်ကြီးအပြင် စက်လက်တွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။
ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
နတလရုံးထဲမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်က လက်နက်ကြီးတွေ၊ ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတာပါ။
အခုလ ၁၀ ရက်နေ့ကလည်း သပြေချောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times