ရှေးဟောင်း သာဂရမြို့ရိုးဖျက်ဆီးသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေသတိပေး

ရှေးဟောင်း သာဂရမြို့ရိုးဖျက်ဆီးသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေသတိပေး

မြို့ရိုးဖြိုချတဲ့ကိစ္စနဲ့ မပတ်သက်ဘူးလို့ ဗထူးတပ်မတော်ငြင်းဆို

လောင်းလုံးမြို့နယ်က နှစ်တစ်ထောင်ကျော်သက်တမ်းရှိတဲ့ သာဂရမြို့ဟောင်းက မြို့ရိုးတွေကိုဖြိုချဖျက်ဆီးနေသူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။

ခရစ်နှစ် ၇၅၁ ခုနစ်ကတည်းကတည်ထောင်ခဲ့တဲ့ သာဂရမြို့ဟောင်းက မြို့ရိုးနေရာတချို့ကို မနေ့က ဘတ်ဟိုးယာဥ်နှစ်စီးနဲ့ ဖြိုချပြီး အကွက်ရိုက်ဖို့ မြေညှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဘတ်ဟိုးကြီးတွေနဲ့ဆိုတော့ အကြီးအကျယ်ဖြိုမယ့်အခြေအနေပါ။ ဘက်ဟိုးတွေဝင်လိုက်ထွက်လိုက် လုပ်နေတယ်ကြားတယ်။ လုံးဝအထိခံလို့ မရပါဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က သတိပေးချက်ကိုယ်စီထုတ်ပြန်ကြပါတယ်။

“ကျနော်တို့မှာ မျက်မြင်တွေ၊ မှတ်တမ်းဓာတ်ပုံတွေ ပေးပို့လာတာရှိပါတယ်။ ဘယ်အဖွဲ့ဆိုတာကိုတော့ သေသေချာချာ မသိရသေးဘူး။ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ ဖျက်ဆီးဖျက်ဆီး ယဥ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ ဇုန်ကိုကာကွယ်တဲ့အနေနဲ့ အ‌ရေးယူသွားမှာဖြစ်ပါတယ်။ ပျက်စီးမှုအသေးစိတ်ကိုတော့ သေချာကွင်းဆင်းပြီးမှ ပြောနိုင်မှာပါ”လို့ တိုင်းပကဖရုံးက ရဲဘော် HRD ကပြောပါတယ်။

လောင်းလုံးဒေသခံတွေနဲ့ နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူတွေကတော့ ဗထူးတပ်မတော်က လုပ်ဆောင်နေတာလို့ ပြောဆိုနေကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားနေကြပါတယ်။

ဗထူးတပ်မတော်ဘက်ကတော့ အဲဒီဒေသဟာ ဗထူးတပ်မတော်လှုပ်ရှားတဲ့နေရာမှန်ပေမဲ့ ဒီကိစ္စဟာ သူတို့နဲ့ပတ်သက်မှု လုံးဝမရှိဘူးလို့ ဆိုပါတယ်။

“အခုလက်ရှိအခြေအနေကို ကျနော်တို့သိထားပါတယ်။ သူ့(မြေပိုင်ရှင်ဆိုသူ)ကိုယ်ပိုင်ပစ္စည်းကို သူလုပ်နေတယ်လို့ပဲ ကျနော်တို့သိရတယ်။ ရှေးဟောင်းအမွေအနှစ်ဆိုရင် သူ့အမည်နဲ့ထွက်လို့ မရဘူးလို့ ကျနော်တို့ထင်တယ်။ အခုလက်ရှိ မျက်မြင်မှာတော့ သိရတာ မြေတောင်လေးပဲ။ နဂိုလမ်းအနေအထားနဲ့ဆိုရင် အမြင့်က လေးပေခွဲ၊ ငါးပေလောက်ရှိတယ်။ မြေကုန်းလိုပုံစံပေါ့ခင်ဗျ။ ဒီနားမှာ ဥယျာဥ်ခြံ သစ်ပင်တွေလည်းရှိတယ်။ ဒီတောင်ကုန်းလေးကို သူတို့ဖြိုပြီး ညှိချလိုက်တာပေါ့။ အဲလိုတော့မြင်ရတယ်” လို့ ဗထူးတပ်မတော်က တပ်ရင်းမှူး ရဲဘော်မမကြီးကပြောပါတယ်။

ဗထူးတပ်မတော်ဘက်က စစ်ဆေးရာမှာလည်း အခုမြေညှိနေတဲ့နေရာဟာ သူတို့ပိုင်ဆိုင်ကြောင်းမှန်ကန်တဲ့ အထောက်အထားတွေရှိနေတယ်လို့ ရဲဘော်မမကြီးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပကဖအဖွဲ့တွေနဲ့ရော အနီးအနားမှာရှိတဲ့ မဟာမိတ်အဖွဲ့တွေကရော သာဂရရှေးဟောင်းဇုန်ကိုဇုန်ကိုထိန်းသိမ်းဖို့အတွက် လိုအပ်သလိုအရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထားတာရှိသလို နှိုးဆော်ထားတာလည်းရှိတယ်လို့ ရဲဘော် HRDက ပြောပါတယ်။

သာဂရမြို့ရိုးကို စီးပွားရေးကုမ္ပဏီတစ်ခုက မြေဖြိုချအကွက်ရိုက်နေပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက လုံခြုံရေးယူပေးတဲ့ကိစ္စကို မရပ်တန့်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ DNLA က သတိပေးထားပါတယ်။

ထားဝယ်မြစ်ရဲ့ အနောက်ဘက်တစ်မိုင်ကျော်အကွာ၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာမှာ ရှိတဲ့ သာဂရမြို့ဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ်မှာ ကာကွယ်ရေးဇုန်အဖြစ်သတ်မှတ်ကြေညာထားတဲ့ နေရာဖြစ်ပါတယ်။

The Tanintharyi Times