မောရဝတီရေတပ်က ဖမ်းထားတဲ့ ကံပေါက်ဒေသခံ လေးဦး ပြန်လွတ်လာ၊ အမျိုးသမီးတစ်ဦးကို ဆက်ဖမ်းထား
မောရဝတီရေတပ်က ဖမ်းထားတဲ့ ကံပေါက်ဒေသခံ လေးဦး ပြန်လွတ်လာ၊ အမျိုးသမီးတစ်ဦးကို ဆက်ဖမ်းထား
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီးတစ်ဦးကလွဲပြီး ကျန်တဲ့ လေးယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြန်လွတ်လာသူတွေကတော့ ကိုသက်ဦး၊ မအသေးလေး၊ မရွက်နုဝေနဲ့ မမီးသန်းကြွယ်တို့ဖြစ်ပြီး မနေ့ကညသန်းခေါင်ကျော် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလ ၄ ရက်နေ့ညကတည်းကဖမ်းဆီးခံထားရတဲ့ မမီးသက်ကတော့ ဆယ်ရက်ကျော်ကြာတဲ့အထိပြန်လွတ်မြောက်မလာသေးပါဘူး။
“လက်ရှိမောရဝတီရေတပ်မှာပဲဖမ်းထားတယ်လို့သိရပါတယ်။ ဘာကြောင့်သူ့တယောက်တည်းပဲ ချန်ခဲ့တာလဲတော့မသိဘူး” လို့ကံပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ဆေးမေးမြန်းတာတွေရှိပေမဲ့ ရိုက်နှက်နှိပ်စက်တာမျိုးတော့မရှိဘူးလို့သိရပါတယ်။
အခုလ ၁၄ ရက်နေ့ညကလည်း ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီးသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ကံပေါက်ဒေသဟာ စစ်ကောင်စီရဲ့မောရဝတီရေတပ်စခန်းဌာနချုပ်ရှိရာနေရာဖြစ်ပြီး ဒေသအတွင်းစစ်ဆေးဖမ်းဆီးတာတွေကို အဆိုပါရေတပ်ကစစ်ကောင်စီတပ်သားတွေ အဓိကလုပ်ဆောင်နေသလို ဖမ်းဆီးထားသူတွေကိုလည်း ရဲစခန်းကတဆင့် ရေတပ်စခန်းထဲမှာချုပ်နှောင်ထားလေ့ရှိကြပါတယ်။
The Tanintharyi Times
