အာဆီယံ အနေနဲ့ ကျားဖြန့် လုပ်ငန်းတွေ နှိမ်နင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
အာဆီယံ အနေနဲ့ ကျားဖြန့် လုပ်ငန်းတွေ နှိမ်နင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ မကြာခဏ လူကုန်ကူးဖမ်းဆီးခံရပြီးနောက် ဝမ်ယီက ခုလို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
ဒီလိုဖြေရှင်းရမှာ အာဆီယံ နိုင်ငံတွေအနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူကြဖို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်မှုတွေဟာ တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံတွေကို ခြိမ်းခြောက်ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဝမ်ယိက ထည့်သွင်းပြောကြားထားပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့လည်း တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ကိုဗစ်ကူးစက်မှု ကာလမတိုင်ခင်က ဒေသတွင်း တရုတ် ကမ္ဘာလှည့် ခရီးသွားတွေဟာ နှစ်စဥ် ဒေါ်လာ ဘီလီယံနဲ့ချီ သုံးစွဲခဲ့ကြပြီး အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအတွက် သိသာတဲ့ ဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တိုပ နဲ့ တရုတ်စီးပွားရေးသမားတွေကြား လူကုန်ကူးခံရမှု ကိစ္စတွေ နဲ့ပတ်သက်ပြီးဇန်နဝါရီ ၁၅ ရက်က စည်းဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို BGF ခေါင်းဆောင် BGF ခေါင်းဆောင် စောချစ်သူ၊ဗိုလ်မုတ်သုံ၊ DKBA ဘက်မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးကြီး စောရွှေဝ တို့နဲ့ တရုတ်လုပ်ငန်းရှင် ၆၀ ခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် သရုပ်ဆောင် ဝမ်ရှင်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်လာပြီး ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ကိုလိမ်လည်ခေါ်ယူခံရကာ ကျားဖြန့် လုပ်ငန်းတွေ ငွေလိမ်ဖို့ လေ့ကျင့်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။
ဝမ်ရှင်းကို ဇန်နဝါရီ ၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ခြမ်း ကနေ ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
တခြား တရုတ်မော်ဒယ်တစ်ဦးဟာလည်း ထိုင်း−မြန်မာနယ်စပ်တွင် ပျောက်ဆုံးကာ ယနေ့အချိန်ထိ ပြန်လည်ကယ်တင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
