အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေပိုင်နက်အသုံးပြု့ခွင့်မပေးကြဖို့ NUGတောင်းဆို
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေပိုင်နက်အသုံးပြု့ခွင့်မပေးကြဖို့ NUGတောင်းဆို
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လေပိုင်နက်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြု့ခွင့်မပေးကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့(ဇန်နဝါရီလ ၁၇ရက်)မှာ စာထုတ်တောင်းဆိုလိုက်ပါတယ်။
ဒါဟာ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီးအခုလို တောင်းဆိုတာလို့ NUGက ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ လေပိုင်နက်ကိုအသုံးပြု့ပြီး မြန်မာပြည်သူတွေကို လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ခွင့်မပြု့ကြဖို့ NUGအစိုးရက မေတ္တာရပ်ခံတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အခုတောင်းဆိုမှုဟာ အရပ်သားတွေနဲ့ အများပြည်သူပိုင်အဆောက်အအုံးတွေကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉အရ တောင်းဆိုတာလို့ NUGက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နဲ့ ၁၁ရက်နေ့တွေမှာ အိန္ဒိယ- မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဗဟိုဌာနချုပ်ရှိရာ Camp Victoria ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတိုက်လေယာဉ်တွေ အိန္ဒိယနိုင်ငံလေပိုင်နက်ကို အသုံးပြု့ခဲ့တယ်လို့ CNFက ထုတ်ပြန်ထားပါတယ်။
မြေပြင်သတင်းအချက်အလက်အရ အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံပိုင်နက်ထဲကို ဗုံးကျရောက်ခဲ့တာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အိမ်းနီးချင်နိုင်ငံလေပိုင်နက်တွေအသုံးပြု့တိုက်ခိုက်တာဟာ အရင်ကတတည်းက အစဉ်အလာရှိခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံလေပိုင်နက်တွေကို ကျူးကျော်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ NUGအစိုးရက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – ထိုင်း-မြန်မာနယ်စပ်မှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတိုက်လေယာဉ် /AP
The Tanintharyi Times
