မွန်တွေ တော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ ပြော

မွန်တွေ တော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ ပြော

ဥက္ကဌက တော်လှန်ရေးမှာပါဖို့ ပြောပေမယ့် ပါတီက စစ်ကောင်စီနဲ့ တွေ့ဆုံနေတဲ့အပေါ် မွန်လူငယ်တွေ ဝေဖန်

တခြားသော တိုင်းရင်းသားလူမျိုးတွေ တော်လှန်ရေးထဲ ကြိုးစားဆောင်ရွက်နေတဲ့ အခု အချိန်အခါမှာ မွန်တွေက မပါဝင်ဘူးဆိုရင် ကျွန်သက်ရှည်နေဦးမှာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

နိုင်ဟံသာက မွန်ဒေသအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA နဲ့ မွန်ပြည်သစ်ပါတီ ညီလာခံကိစ္စ အင်တာဗျူး ဖြေဆိုရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူတွေကို မှာချင်တာက ကျနော်တို့ မကြိုးစားသေးဘူးဆိုရင် ကျွန်သက်ရှည်နေဦးမှာ ဖြစ်တယ်၊ သူများလည်း ကြိုးစားနေတဲ့ ဒီအချိန်မှာ ကျနော်တို့လည်း ကြိုးစားရပါမယ်၊ ပြည်သူအများကလည်း မျိုးချစ်စိတ်ရှိတယ်ဆိုရင် ပါတီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ ပေါင်းစည်းကြဖို့ လှုပ်ရှားသွားကြဖို့ ဖြစ်သင့်တယ်” လို့ နိုင်ဟံသာက ပြောဆိုခဲ့ပါတယ်။

ပါတီဥက္ကဌဖြစ်သူက မွန်ပြည်သူတွေ တော်လှန်ရေးမှာ ပါဝင်ဖို့ ပြောဆိုပေမယ့် ပါတီဗဟိုအလုပ်အမှုဆောင်တွေက နေပြည်တော်မှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေဆဲ အခြေအနေဖြစ်တယ်လို့ မွန်လူငယ်တွေက ဝေဖန်ပါတယ်။

ဒါကြောင့် နိုင်ဟံသာ ပြောဆိုမှုဟာ မွန်တွေအနေနဲ့ တော်လှန်ရေးထဲမှာ ဘဝတူတိုင်းရင်းသားတွေနဲ့အတူတူ တော်လှန်တိုက်ပွဲဝင်ဖို့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးသဘောထား စိတ်ဆန္ဒသာဖြစ်တယ်လို့ မွန်လူငယ်တွေက သုံးသပ်ကြပါတယ်။

“ပါတီရဲ့ ရပ်တည်ချက်က လောလောဆယ်အထိ မပြောင်းလဲသေးဘူး၊ တကယ်လက်တွေ့အကောင်အထည်ဖော် မှုမှာ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေအားလုံး သဘောထားတူညီကြရင်အကောင်းဆုံးပါပဲ၊ ပါတီအနေနဲ့ ရပ်တည်ချက်တစုံတရာ ပြောင်းလဲနိုင်မလားဆိုတာကတော့ ဆက်ကြည့်ရမှာပေါ့”လို့ မွန်လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို အမှန်တကယ်မလိုလားကြတဲ့ မွန်ပြည်သူတွေအတွက်တော့ ခွန်အားဖြစ်စေတယ်လို့ မွန်ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

နိုင်ဟံသာဟာ စစ်ကောင်စီ အာဏာသိမ်းမှုကြိုးစားတဲ့ ၂၀၂၁ မှာ “အာဏာဟာ သေနတ်ပြောင်းဝကနေလာတယ်” ဆိုတဲ့ စကားကို ပြောဆိုခဲ့သလို ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာလည်း “ဗမာလူထုတွေ တပ်မတော်ကို ဆန့်ကျင်လာတာကို အခွင့်ကောင်းယူပြီး ရသမျှအားကို စုစည်းကာ တိုက်ပွဲဝင်သွားဖို့ လိုတယ်” ဆိုတဲ့ စကားကို မွန်တော်လှန်ရေးအဖွဲ့တခုဆီ ပြောဆိုခဲ့ပါတယ်။

နိုင်ဟံသာဟာ တပ်အင်အားရှိဖို့ လိုနေတဲ့အကြောင်းကို အစောကြီးကတည်းက ထောက်ပြထားပြီး နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်ကာလမှာလည်း မွန်တွေ တော်လှန်ရေးမှာ ပါဝင်ဖို့၊ တော်လှန်ရေးအင်အားစုတွေ အတူတကွပေါင်းစည်းဖို့ လိုတယ်ဆိုတဲ့စကားကို ဒုတိယအကြိမ်ထပ်ကြားတာ ဖြစ်တယ်လို့ မွန်လူငယ် မင်းချမ်းရော့က ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ အင်အားနည်းနေတာကြောင့် စစ်ကောင်စီနဲ့ ဆွေး‌နွေးပွဲတွေကို တက်ရောက်နေပြီး ဆွေးနွေးမှု လမ်းစဉ်ကို လိုက်နာနေတာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

မွန်လူငယ် မင်းချမ်းရော့ကတော့ တကယ်လို့ တော်လှန်ရေးအတွက် လူငယ်အင်အားလိုတယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးပြောဆိုနေတာကို ရန်ငါပြတ်နေဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“တပ်ထဲဝင်လာလည်း ငါတို့က တော်လှန်ရမှာ မဟုတ်ဘူး၊ တိုက်ရမှာ မဟုတ်ဘူးဆိုတဲ့ စိတ်ပေါ့နော်၊ အဲဒါက လူငယ်တွေရဲ့ ခေါင်းထဲကို ရောက်သွားစေတယ်၊ တကယ်လို့သာ စစ်ကောင်စီက ခေါ်နေတဲ့ ဆွေးနွေးပွဲတွေကို မသွားတော့ဘူး၊ တော်လှန်ရေးအတွက်ကို ပြင်ဆင်တယ်ဆိုရင်တော့ သေချာတယ် လူငယ်တွေ တော်လှန်ရေးအင်အားစုတွေ မွန်ပြည်သစ်ပါတီကို ရောက်လာနိုင်ဖို့ရှိတယ်” လို့ မင်းချမ်းရော့က ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီကျင်းပတဲ့ NCA ၈ နှစ်ပြည့် အခမ်းအနား အပါအဝင် တွေ့ဆုံမှု ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပေမယ့် ပါတီဥက္ကဌ နိုင်ဟံသာကတော့ အဲဒီ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တာမရှိပါဘူး။

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကျင်းပသွားဖို့ရှိပြီး အဲဒီညီလာခံကနေ နိုင်ငံရေးလမ်းစဉ်ပြောင်းလဲမှု ရှိ/ မရှိကို မွန်လူထုတွေက မျှော်လင့်နေကြပါတယ်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သတင်းဌာနကို ဖြေဆိုခဲ့တဲ့ နိုင်ဟံသာရဲ့ ပြောဆိုမှုထဲမှာတော့ မွန်ပြည်သူတွေဟာ ဒီကနေ့ နိုင်ငံရေးအခြေအနေကို နားလည်ပြီး မိမိကိုယ်ကို ကာကွယ်နိုင်ဖို့နဲ့ ပါတီကို ထောက်ပံ့ကူညီဖို့၊ ပါတီနဲ့ ပြည်သူ အင်အားတခုထဲဖြစ်ပြီး ယနေ့အခွင့်ကောင်းအခါကောင်းကို ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နိုင်ဟံသာဟာ ၂၀၂၀ ခုနှစ်၊ ၁၀ ကြိမ်မြောက် ပါတီဗဟိုညီလာခံမှာ ပါတီဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။

The Tanintharyi Times