ကော့သောင်းကနေ ထိုင်းနိုင်ငံကို အလည်အပတ်ပတ်စပို့နဲ့ သွားမယ့်သူတွေဆီက အာဏာပိုင်တွေ ဘတ်ထောင်ချီငွေညှစ်နေ

ကော့သောင်းကနေ ထိုင်းနိုင်ငံကို အလည်အပတ်ပတ်စပို့နဲ့ သွားမယ့်သူတွေဆီက အာဏာပိုင်တွေ ဘတ်ထောင်ချီငွေညှစ်နေ

ပုံစာ - ကော့သောင်းလေဆိပ်(ပုံဟောင်း)

မြန်မာနိုင်ငံတောင်ဘက်စွန်းနယ်စပ်ဖြစ်တ့ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံကို အလည်ပတ် ပတ်စပို့နဲ့ သွားမယ့် သူတွေဆီကနေ အာဏာပိုင်တွေက ငွေတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Passport for Visit(PV)အမျိုးအစားပတ်စပို့စာအုပ်ကိုင်ပြီး ထိုင်းနိုင်ငံထွက်ခွာမဲ့ သူတွေဆီကနေ ကော့သောင်းလေဆိပ်မှာရှိတဲ့အာဏာပိုင်တွေက ၃၅၀၀ ဘတ်၊ ကော့သောင်း-ရနောင်းလှေဆိပ်မှာရှိတဲ့ အာဏာပိုင်တွေက ၂၅၀၀ ဘတ် တောင်းခံနေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ထိုင်းသံရုံးကနေ အလည်ဗီဇာသုံးလထုပြီးလာတာ။ အကြောင်းပြချက်ရေရေရာရာမရှိဘဲ လေဆိပ်မှာတောင်းတယ်။ လှေဆိပ်မှာကျတော့ စရဖထောက်ခံစာမရှိလို့ဆိုပြီးတောင်းတာဗျ။” လို့ ပိုက်ဆံပေးခဲ့ရသူရဲ့ မိတ်ဆွေဖြစ်သူက ပြောပါတယ်။

အာဏာပိုင်တွေက “စစ်မှုမထမ်းချင်လို့ ပြည်ပထွက်တာလားဆိုပြီး”မေးလာရင် ဘတ်သုံးထောင်အနည်းဆုံးပေးလိုက်ဖို့ လေယာဉ်ပေါ်ကဆင်းတာနဲ့တွေ့ရတဲ့ ဝန်ထမ်းတစ်ယောက်က သတိပေးလိုက်တယ်လို့လည်း ပိုက်ဆံပေးခဲ့ရသူရဲ့ မိတ်ဆွေဖြစ်သူက ပြောပြပါတယ်။

ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကိုသွားမဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကို အာဏာပိုင်တွေက အခုလ ၂ ရက်နေ့က ဖြတ်သန်းခွင့်ပိတ်ခဲ့ပြီး နောက်တစ်ရက်မှာ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ပြီးမှာ အခုလို ပိုက်ဆံကောက်လာတာလို့ မြို့ခံတွေက ဆိုပါတယ်။

ကော့သောင်းမှတ်ပုံတင်ကလွဲပြီး အခြားမြို့မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ကော့သောင်းမြို့ကို လေကြောင်းခရီးနဲ့လာရင် လေဆိပ်မှာရှိတဲ့ အာဏာပိုင်တွေကို ထိုင်းငွေ ဘတ်နှစ်ထောင်ကြိုပြီးပေးထားရတာပါ။

အဲဒီလိုပိုက်ဆံပေးပြီး အသိမပေးထားရင် ကော့သောင်းကိုလာတဲ့ သူတွေအနေနဲ့ လေဆိပ်ကနေဖြတ်ခွင့်မရဘဲ နေရပ်ပြန်ရတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ကော့သောင်းအိမ်ထောင်စုရှိတဲ့သူက ၂၀၀၀ ဘတ် ကြိုပေးထားရတာအပြင် ခရီးသွားကိုယ်တိုင် လေဆိပ်ရောက်တာနဲ့ အာဏာပိုင်တွေကို ၃၅၀၀ ဘတ်၊ လှေဆိပ်က အာဏာပိုင်တွေကို ၂၅၀၀ ဘတ် ထပ်ဆောင်းပေးနေရတာဖြစ်ပါတယ်။

ကော့သောင်းမြို့ကို ကော့သောင်း-ရန်ကုန်-ထားဝယ် ပြေးဆွဲနေတဲ့ ကမ္ဘောဇလေကြောင်းလိုင်းနဲ့ မြန်မာ့လေကြောင်းခရီးစဉ်တို့နေ့စဉ်ရှိပြီး လေယာဉ်တစ်ခေါက်မှာ ခရီးသည် ၄၀ နဲ့အထက် ကော့သောင်းမြို့ကိုဝင်ရောက်နေတယ်လို့ လေကြောင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

The Tanintharyi Times