မီးရထား CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့ ရောင်းချတဲ့ ကံစမ်းမဲလက်မှတ် ၁၄ ရာခိုင်နှုန်းသာ ရောင်းရသေး

မီးရထား CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့ ရောင်းချတဲ့ ကံစမ်းမဲလက်မှတ် ၁၄ ရာခိုင်နှုန်းသာ ရောင်းရသေး

ပုံစာ - လူထုတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ မီးရထားဝန်ထမ်းတွေ

မီးရထား CDM ဝန်ထမ်းတွေကို ထောက်ပံ့မယ့် အစီအစဉ်ပါဝင်နေတဲ့ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ကံစမ်းမဲလက်မှတ်ရောင်းချတဲ့ ကမ်ပိန်းမှာ ၁၄ ရာခိုင်နှုန်းသာ ရောင်းရသေးတယ်လို့ MoL Fundraising Campaign ကနေ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ ပြုလုပ်နေတဲ့ “ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ “ ကံစမ်းမဲလက်မှတ်ရောင်းချမှုကမ်ပိန်းကို အခုလ ၁ ရက်နေ့ကနေ လကုန်ရက်အထိ အချိန်တစ်လတာ သတ်မှတ်ခဲ့ပေမယ့် လက်ရှိ လဝက်ကျော်အတွင်း ၁၄ ရာခိုင်နှုန်းသာ ရောင်းချရသေးတယ်လို့ သိရပါတယ်။

ကျပ် သိန်း ၁၀၀၀ ရရှိဖို့ သတ်မှတ်ထားတဲ့ ဒီပရောဂျက်မှာ လက်မှတ် တစ်စောင်ကို မြန်မာငွေ ကျပ် ၂၀၀၀၀ နဲ့ ရောင်းချနေတာပါ။

ကမ်ပိန်းသတ်မှတ်ကာလ နှစ်ပတ်ကျော်အတွင်း ကံစမ်းမဲလက်မှတ် ၇၀၂ စောင်၊ တန်ဖိုးငွေ သိန်း ၁၄၀ ကျော်ကိုသာ ရရှိသေးတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။

အခု ကမ်ပိန်းကနေ ရရှိတဲ့ ငွေကြေးတွေကို မီးရထား CDM ဝန်ထမ်းအတွက် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး CDM ကနေ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖြစ် တာဝန်ထမ်းဆောင်နေသူတွေအတွက် ၃၀ ရာခိုင်နှုန်းနဲ့ စစ်ဘေး‌ရှောင်တွေအတွက် ၃၀ ရာခိုင်နှုန်း အကူအညီပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကံစမ်းမဲအနေနဲ့ လက်စွပ်၊ CDM တွေ ဖန်တီးထားတဲ့ ပန်းချီကား၊ လက်မှုပစ္စည်း စတာတွေ ပါဝင်တဲ့ ပစ္စည်းပေါင်း ၁၂ မျိုးကို မဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ ကမ်ပိန်းအစီအစဉ်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးစအချိန်မှာ ကျန်းမာရေး၊ ပညာရေး ကဏ္ဍက ဝန်ထမ်းတွေ နည်းတူ မီးရထား ဝန်ထမ်း အားလုံးနီးပါးတို့ဟာ အစောဆုံး CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ အဖြစ် ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ မီးရထား CDM ဝန်ထမ်းဦးရေ ၃၀၀၀ ကနေ ၄၀၀၀ ကြား ရှိတယ်လို့ CDM Medium စာမျက်နှာက အချက်အလက်စုဆောင်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မီးရထား CDM ဝန်ထမ်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကောင်စီက CDM မီးရထားဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို မီးရထားအိမ်ရာဝင်းတွေကနေ နှင်ထုတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ မတ်လမှာ မန္တလေးတိုင်း၊ မြစ်ငယ်မြို့က မီးရထားဝန်ထမ်းတွေ နေထိုင်မှာ အိမ်ထောင်စု ထောင်နဲ့ချီကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

မြစ်ငယ်မှာ မီးရထားဝန်ထမ်း ၂၀၀၀ ကျော်ရှိတဲ့အထဲက ဝန်ထမ်း ၁၀၀၀ ကျော်ဟာ CDM ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ မော်ကွန်းသတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်စပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် ရန်ကုန်မြို့၊ မလွှကုန်း မီးရထား CDM ဝန်ထမ်းတစ်ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ ဇူလိုင်လက မလွှကုန်းက မီးရထား CDM ဝန်ထမ်း၊ အသက် ၂၅ နှစ်အရွယ် ဇနီးမောင်နှံနှစ်ဦးတို့ကို စစ်ကောင်စီက သေဒဏ်အပြင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

The Tanintharyi Times