စစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ကော့သောင်းက ဒေသခံ (၇)ဦး တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်သေး
စစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ကော့သောင်းက ဒေသခံ (၇)ဦး တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်သေး
ကော့သောင်းမြို့နယ်၊ မလိဝမ်းရွာထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးနောက်ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို တစ်ပတ်ကြာတဲ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က မလိဝမ်းရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အသက် ၄၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ငါးဦးကို ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဖမ်းခံရတဲ့ပြည်သူတွေဟာ ကဏန်း (ပုဇွန်လုံး)ထောင်တဲ့သူနဲ့ ဥယျာဉ်ခြံ အလုပ်သမား တွေဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီးအဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးပစ်ပစ်ပြီးဝင်လာတာ။ ခုနှစ်ချက်လောက်ရှိတယ်။ ခြံထဲမှာရှိနေတဲ့လူတွေကလည်း ရှောင်ချိန်မရလိုက်ဘဲ ဖမ်းခံရသလိုဖြစ်သွားတာပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားတဲ့ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒီကနေ့အထိ လွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အရပ်သားဖမ်းဆီးခံရတာအပြင် စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ပစ်လို့ ရော်ဘာခြံထဲမှာရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ယာဘက်လက်မောင်းမှာ ကျည်ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျည်ရှပ်ထိဒဏ်ရာရခဲ့တဲ့ အဲဒီအမျိုးသားကို စစ်ကောင်စီစစ်ကြောင်းကလိုက်လံဖမ်းဆီးခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလ ၉ ရက်နေ့ကတည်းကစပြီး မလိဝမ်းရွာနဲ့ ရှမ်းကိုးရွာဒေသတဝိုက်ကို အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး သွားလာနေတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
“၁၉ ဇူလိုင်အတွက် စိုးရိမ်နေလို့ဖြစ်ပါလိမ့်မယ်။” လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားသွားလာတာတွေရှိနေတဲ့အတွက် ထိတွေ့မှုကလည်း အချိန်မရွေးဖြစ်လာမယ့်အနေအထားမှာရှိနေတယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်က ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာမှာရှိတဲ့ ရဲစခန်းကုန်းကို ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)က ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရက်ပိုင်းခန့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
အဲဒီချိန်ကတည်းက ကော့သောင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးသွားလာတာရပ်တန့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကစလို့ စစ်ကြောင်းထိုးသွားလာတွေပြန်ရှိလာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကတော့ တနင်္သာရီတိုင်းအတွင်း မြို့နယ်လေးခုက ပြည်သူ ၄၄ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပါတယ်။
The Tanintharyi Times
