KNU တပ်မဟာ ၄ နဲ့ ကော်သူးလေမတော်တို့ ပစ်ခတ်မှုဖြစ်ပွား
KNU တပ်မဟာ ၄ နဲ့ ကော်သူးလေမတော်တို့ ပစ်ခတ်မှုဖြစ်ပွား

ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်းမှာ KNU တပ်မဟာ ၄ နဲ့ကော်သူးလေတပ်မတော် တို့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က မနက်ပိုင်းမှာ မေတ္တာ-ထီခီးလမ်းပေါ်က ပျားဆေးချောင်းအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ကော်သူးလေတပ်မတော်ကထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ KNU တပ်မဟာ ၄ တပ်ရင်း(၁၀)ရဲ့ တပ်ခွဲ ၁ နဲ့ ၂ တို့ပူးပေါင်းပြီး ကော်သူးလေ တပ်မတော်(KTLA)ကို လာရောက်ပစ်ခတ်တိုက်ခိုက်တယ်လို့ဆိုထားပါတယ်။
သို့ပေမယ့် KTLA တပ်ဖွဲ့ဝင်တွေ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တာမျိုးမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ကရင်တိုင်းရင်းသားဒေသက သတင်းတွေကိုဖော်ပြနေတဲ့ Kwe Ka Lu News လူမှုကွန်ရက်စာမျက်နှာမှာလည်း KNU တပ်မဟာ ၄ က ထီးခီးလမ်းပိုင်းမှာရှိတဲ့ ကော်သူးလေတပ်မတော်ရဲ့ ဗိုလ်အယ်ကွီး(ကော်လာဖိုး)အဖွဲ့ကို မနေ့ကမနက် ၁၀ နာရီလောက်မှာ သွားရောက်ရှင်းလင်းတယ်လို့ ရေးသားထားပါတယ်။
အဲဒီလိုတိုက်ခိုက်ချိန် ကော်သူးလေတပ်မတော်ဘက်ကပစ်ခတ်တဲ့ ၄၀ မမ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း Kwe Ka Luu News မှာဖော်ပြထားပါတယ်။
ကော်သူးလေအာမီဘက်ကတော့ သူတို့ဟာ အဓိကဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်တွေကိုသာ အဓိကတိုက်ခိုက်သွားမှာဖြစ်ပြီး လူမျိုးအချင်းချင်း သွေးကွဲစေမယ့်၊ စည်းလုံးမှုပျက်ပြားစေမယ့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း မနေ့ကထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်ပြီးနောက် ကော်သူးလေတပ်မတော်က သူတို့ရဲ့ တပ်ရင်း(၁)နယ်မြေဖြစ်တဲ့ ထားဝယ်အရှေ့တောနယ်၊ မေတ္တာ-ထီးခီး လမ်းပိုင်းကို ဒီနေ့ကစပြီး လုံးဝ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့လည်း KTLA ကထုတ်ပြန်ထားပါတယ်။
သတ်မှတ်ရက်အတွင်း ဖြတ်သွားလာကြချိန် စစ်ကောင်စီနဲ့ ပတ်သက်မှု တစ်စုံတစ်ရာရှိတာကိုစစ်ဆေးတွေ့ရှိတာနဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိတာကို တွေ့ရှိရင်ထိခိုက်မှု တစ်စုံတစ်ရာအတွက်လုံးဝတာဝန် ယူမှာမဟုတ်ဘဲ မသင်္ကာဖွယ်ရာအားလုံးကို ရှင်းလင်းပစ်မယ်လို့လည်း ကော်သူးလေတပ်မတော်က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှု တစ်စုံတစ်ရာတွေ့ခဲ့ရင် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို သတင်းပေးပို့ပြီးကူညီကြဖို့တောင်းဆိုထားပါတယ်။
KNU တပ်မဟာ ၄ နဲ့ကော်သူးလေတပ်မတော်တို့ အခုနှစ်နှစ်ဆန်းပိုင်းကလည်း နှစ်ဖက်ပစ်ခတ်မှုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။
ကရင်ဒေသခံတိုင်းရင်းသားတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကရင်အချင်းချင်းတိုက်ခိုက်မှုကိုမလိုလားဘဲ ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီတပ်တွေကိုပဲတိုက်ခိုက်ဖို့ အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားကြပါတယ်။
The Tanintharyi Times