စစ်ကောင်စီကို လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီသုံးခုကို ယူကေအစိုးရ ထပ်တိုးပိတ်ဆို့အရေးယူ

စစ်ကောင်စီကို လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီသုံးခုကို ယူကေအစိုးရ ထပ်တိုးပိတ်ဆို့အရေးယူ

Justic-for-Myanmar
ပုံ - Justice for Myanmar က ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ လက်နက်နဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူပေးတဲ့ ကုမ္ပဏီတွေ

စစ်ကောင်စီတပ်ကို လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီတွေကို ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ဒီကနေ့ ချမှတ်လိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရတဲ့ မြန်မာကုမ္ပဏီတွေက Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ဖြစ်ပါတယ်။

ကုမ္ပဏီသုံးခုလုံးဟာ အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေ ထောက်ပံ့တာနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျ ကျူးလွန်နေကြောင်း Amnesty International ရဲ့ မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာ ဒဏ်ခတ်အရေးယူလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ကန့်သတ်တာနဲ့ ရုရှားသမ္မတ ပူတင်ရဲ့ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်တဲ့၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတို့ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ယူကေအစိုးရရဲ့ အရေးယူပိတ်ဆို့မှုမှာ စစ်ကောင်စီတပ်အတွက် လက်နက်နဲ့ လေယဉ်အစိတ်အပိုင်းတွေ ထောက်ပံ့ရာမှာ ပါ၀င်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ သုံးခုလည်း ပါ၀င်ခဲ့ပါတယ်။

ယူကေအစိုးရ အရေးယူပိတ်ဆို့လိုက်တဲ့ ကုပ္မဏီသုံးခုမှာ ပါဝင်တဲ့ Myanmar New Era Trading Company Ltd နဲ့ပတ်သက်ပြီး အရေးတကြီးပစ်မှတ်ထားကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice for Myanmar က အထောက်အထားစာရွက်စာတမ်းတွေနဲ့ ဖေဖော်ဝါရီလတုန်းက စာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

The Tanintharyi Times