စစ်ကောင်စီက အင်အားတိုးမြှင့်ပြီး ရှာဖွေဖမ်းဆီးနေတဲ့အတွက် CDM တွေနဲ့ တော်လှန်ရေးအင်အားစုတွေအမြန်တိမ်းရှောင်ဖို့ ပအဖသတိပေး
စစ်ကောင်စီက အင်အားတိုးမြှင့်ပြီး ရှာဖွေဖမ်းဆီးနေတဲ့အတွက် CDM တွေနဲ့ တော်လှန်ရေးအင်အားစုတွေအမြန်တိမ်းရှောင်ဖို့ ပအဖသတိပေး
စစ်ကောင်စီက လောင်းလုံးမြို့နယ်ကို အင်အားဖြည့်တင်းပြီး တော်လှန်ရေးအင်အားစုတွေနဲ့ CDM သမားတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် အမြန်တိမ်းရှောင်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သတိပေးလိုက်ပါတယ်။
အခုလက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၅ဦးထက်မနည်းရှိပြီး CDMပြုလုပ်ထားသူတစ်ဦးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးပါဝင်တယ်လို့သိရပါတယ်။
ဒီနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သား ခန့်မှန်းတစ်ရာကျော်ပါ စစ်ကားရှစ်စီး လောင်းလုံးမြို့ဘက်ကိုဆင်းသွားတယ်လို့ မျက်မြင်ဒေသခံအချို့ကပြောပါတယ်။
အဲဒီစစ်ကားတွေဟာ လောင်းလုံးမြို့ အောင်ချမ်းသာစေတီအနီးရှိ စရဖရုံး ( စစ်ဖက်ရေးရာထောက်လှမ်းရေးရုံး) ဖက်သို့ဝင်သွားတာကိုတွေ့ရတယ်လို့ မြို့ခံတချို့ကဆိုပါတယ်။
“ကား ၈စီးလောက်ဒီနေ့ထားဝယ်ကနေဆင်းလာတာပါ။ ပြီးတာနဲ့ ဒီမှာရှိနေတဲ့ကောင်တွေနဲ့ပေါင်းပြီး အင်အား ၁၅၀လောက်က မြို့ပေါ်မှာမွှေနေတယ်။ တစ်မြို့လုံးကိုမွှေနေတာပါ” လို့မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၄ရက်နေ့ကတည်းက မြေတင်ကား၂စီး အင်အား၇၀ ဝန်းကျင်နဲ့ လောင်းလုံးမြို့နယ်အတွင်းက လမ်းဘေးက ပုန်းခိုနိုင်တဲ့ခြုံတွေကိုရှင်းလင်းတာနဲ့ တောနင်းရှာဖွေတာတွေကိုလုပ်ဆောင်နေတာလို့သိရပါတယ်။
လောင်းလုံးမြို့နယ်ထဲကို စစ်အင်အားတိုးချဲ့လာတာကြောင့် ဒေသခံတွေကြောက်လန့်နေကြပါတယ်။
The Tanintharyi Times
