တနင်္သာရီတိုင်းမှာ ဆယ်ရက်အတွင်း စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး ၆၇ ဦးခန့်ဒဏ်ရာရရှိခဲ့
တနင်္သာရီတိုင်းမှာ ဆယ်ရက်အတွင်း စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး ၆၇ ဦးခန့်ဒဏ်ရာရရှိခဲ့
တနင်္သာရီတိုင်းမှာ ဆယ်ရက်အတွင်း ပြည်သူကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ၁၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇၀ကျော် သေဆုံးကာ ၆၇ ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန်လထဲမှာ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကဆက်တိုက်ဖြစ်ပွါးနေခဲ့တာ ဖြစ်ပြီး ၆ ရက်ကနေ ၁၆ ရက်နေ့အထိ ဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတာကို တွေ့ရပါတယ်။
တိုက်ပွဲတွေဟာ တိုင်းအတွင်းက ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာ အဓိကဖြစ်ပွားခဲ့တာပါ။
ပုလောမြို့နယ်မှာ ဇွန်လ ၆ရက်၊ ၁၀ရက်၊ ၁၁ရက်နဲ့ ၁၃ရက်တွေက တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားစုစုပေါင်း ၃၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ၁၁ ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်က စော်ဖျားကျေးရွာမှာ ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲတစ်ကြိမ်နဲ့ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၉ ဦးခန့်သေဆုံးပြီး ၁၉ ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မှာ ဇွန်လ ၁၂ရက်နေ့က စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။
နောက်ထပ်စစ်ကောင်စီတပ်သား ၃၀ ဦးဝန်းကျင်ဟာလည်းဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာတော့ ဇွန်လ ၁၅ရက်နေ့က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှာ လက်နက်ကိုင်ဆောင်ပြီးမူးယစ်ဆေးရောင်းဝယ်နေတဲ့လင်မယား အသတ်ခံရတာကိုလာရောက်စစ်ဆေးတဲ့အချိန် ဗုံးခွဲတိုက်ခိုက်ခံရပြီးတော့လည်း စစ်ကောင်စီဘက်က ၃ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ဝကုန်းရွာလမ်းပိုင်းမှာ စစ်ဆေးနေစဉ်ပစ်ခတ်ခံရတာကြောင့်နှစ်ဦးသေဆုံးပြီး တိုက်ပွဲအတွင်းသေဆုံးသူတစ်ဦး စုစုပေါင်း ၃ဦးရှိပါတယ်။ ဒဏ်ရာရရှိသူက ၄ဦးရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဇွန်လဆယ်ရက်အတွင်းသေဆုံးနှုန်းဟာ အရင်လ မေတစ်လလုံး သေဆုံးခဲ့တဲ့ အရေအတွက်နဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။
မေလမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ၈၄ ဦးထက်မနည်းသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။
အခုဖော်ပြထားတဲ့အချက်အလက်တွေဟာ ပြည်သူ့သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေနဲ့ အတည်ပြုလို့ရတဲ့အချက်အလက်တွေကို အခြေခံထားတာပါ။
The Tanintharyi Times
