စစ်ဆေးရေးဂိတ်တွေကို အကြောင်းပြပြီး ခရီးသည်တင်ယာဉ်လိုင်းတချို့ ငွေပိုတောင်း
စစ်ဆေးရေးဂိတ်တွေကို အကြောင်းပြပြီး ခရီးသည်တင်ယာဉ်လိုင်းတချို့ ငွေပိုတောင်း

ထားဝယ်-မြိတ်-ကော့သောင်း ခရီးသည်တင်ယာဉ်တချို့က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဟာ စစ်ဆေးရေးဂိတ်တွေ ကို ငွေပေးရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေပိုတောင်းနေတယ်လို့ ခရီးသွားတချို့ ရဲ့ ပြောပြချက်အရသိရပါတယ်။
တနင်္သာရီတိုင်းမ်ရဲ့ ဆက်သွယ်မေးမြန်းချက်အရ ရွှေဝယ်သူ၊ မြတ်မင်္ဂလာ၊ ရွှေစင်စင်္ကြာယာဉ်လိုင်းက ကားတချို့က အခုလိုတောင်းနေတာလို့ ငွေပေးခဲ့ရဖူးတဲ့ ခရီးသည်တွေက ဆိုပါတယ်။
ဂိတ်တွေကို ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငွေတောင်းတာဟာ ခရီးသည်တစ်ဦးကို အနည်းဆုံးကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၃၅၀,၀၀၀ အထိပေးနေရတယ်လို့ ငွေပေးခဲ့ရတဲ့ခရီးသည်တွေက ပြောပါတယ်။
ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမိတ္တူ စတဲ့ ခရီးသွားအထောက်အထား အစုံပါသွာတွေရော မပါသူတွေပါ ငွေပမာဏတူတူပေးနေရတာဖြစ်တယ်လို့ ခရီးသွားတစ်ဦးကပြောပါတယ်။
“ပုလောမရောက်ခင်အထိ ငွေနှစ်သောင်းပေးရတယ်။ ပုလောစအဝင်မှာ မထင်ထားတဲ့ပမာဏ စတောင်းတော့တာပဲ။ ဂိတ်တွေဆက်တိုက်ရှိလို့ ငွေသုံးသိန်းခွဲပေးရမယ်ပြောတယ်။” လို့ ရွှေဝယ်သူကားမှာ ပိုက်ဆံပေးခဲ့ရတဲ့ ၆မျဉ်းစောင်း မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ထားသူ ကော့သောင်းဒေသခံအမျိုးသားက ပြောပါတယ်။
၆မျဉ်းစောင်း မှတ်ပုံတင်နံပါတ် ဟာ တနင်္သာရီတိုင်း အတွင်းနေထိုင်သူတွေကိုင်ဆောင်တဲ့ မှတ်ပုံတင်နံပါတ် ဖြစ်ပါတယ်။
ခရီးစဉ်အတွက် ငွေကျပ်ကျပ်လေးသိန်းသာပါလာတာကြောင့် ဂိတ်ကြေးတွေပေးလိုက်ပြီးနောက် အခက်အခဲဖြစ်ခဲ့တယ်လို့လည်း အဲဒီအမျိုးသားက ပြောပြပါတယ်။
ဒေသတွင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကတော့ ထားဝယ်-ကော့သောင်းလမ်းတလျှောက် ပေးရတဲ့ဂိတ်ကြေးဟာ လူတစ်ယောက်ကို အများဆုံး ၇၀,၀၀၀ ကျပ်ထက်မပိုဘူးလို့ ဆိုပါတယ်။
ရွှေဝယ်ကားလိုင်းဘက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ၆ မျဉ်းစောင်း မှတ်ပုံတင်နံပါတ် မဟုတ်တဲ့ ခရီးသည်တွေပါလာရင် ဂိတ်ကတောင်းသလောက်ငွေပေးရတဲ့အတွက်ကြိုကောက်ထားရတာဖြစ်ပြီး ပိုက်ဆံမပေးရရင် ပြန်ပေးတယ်လို့ ပြောပါတယ်။
“ကျမတို့က ဂိတ်နဲ့ခရီးသည်တွေကြား အဆင်ပြေအောင်ညှိပေးတာပဲ ရှိပါတယ်။ ဒီလိုမျိုးမတရားကောက်တာတော့မရှိပါဘူး။ နောက်ပိုင်းမှာလည်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ယာဉ်လိုင်းဘက်ကနေ ဝန်ထမ်းတွေကို စစ်ဆေးဖို့ရှိပါတယ်။” လို့ ရွှေဝယ်သူယာဉ်လိုင်းရဲ့ ဖုန်းလက်ခံဖြေဆိုသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောက်ထပ် ရွှေစင်စင်္ကြာယာဉ်လိုင်းက ကားတစ်စီးမှာ ပိုက်ဆံပေးခဲ့ရတဲ့အမျိုးသားတစ်ဦးကလည်း ခရီးသည်တင်ကားတွေအနေနဲ့ ဂိတ်တွေကို ပိုက်ဆံပေးရတာနားလည်ပေမယ့် ပိုက်ဆံပိုကောက်ထားရင် ပေးပြီးကျန်နေတဲ့ ငွေတွေကို စာရင်းလက်ကျန်အတိုင်းပြန်ပေးသင့်တယ်လို့ ဆိုပါတယ်။
မြတ်မင်္ဂလာယာဉ်လိုင်းက ကားတစ်စီးမှာ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေအကုန်စုံရဲ့နဲ့ ငွေနှစ်သိန်းပေးခဲ့ရတဲ့ မြိတ်မြို့ခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ကျနော်သိသလောက်က ဂိတ်တိုင်းပိုက်ဆံမပေးရဘူး။ တချို့ဂိတ်တွေအလှူခံတာပဲရှိတာ။ ဂိတ်တွေအနေနဲ့လည်း ဒီအခြေအနေတွေကိုထည့်တွက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် လူတစ်ယောက်ဘယ်လောက်နှုန်းပေးရမယ်ဆိုပြီး တခါတည်းကြေညာထားသင့်တယ်။” လို့ မြိတ်မြို့ခံအမျိုးသားက ပြောပါတယ်။
မြတ်မင်္ဂလာယာဉ်လိုင်းနဲ့ ရွှေစင်စင်္ကြာယာဉ်လိုင်းကတော့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ဆေးရေးဂိတ်တွေဟာ ထားဝယ်-သရက်ချောင်းကားလမ်းပေါ်မှာ ခုနစ်ဂိတ်ခန့်၊ ပုလော-မြိတ်ကားလမ်းပေါ်မှာ ၁၅ ဂိတ်ခန့်၊ မြိတ်-ကော့သောင်းကားလမ်းတောက်လျှောက်မှာတော့ ဂိတ် ၃၀ ခန့်အနည်းဆုံးရှိနေတယ်လို့ သိရပါတယ်။
အဲဒီဂိတ်အရေအတွက်တွေဟာ ထားဝယ်- ကော့သောင်းကားလမ်းမတောက်လျှောက်မှာရှိတဲ့ စစ်ကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေတပ်မတော်(KTLA)နဲ့ PDF ဂိတ်တွေအားလုံးပါဝင်ပါတယ်။
ထားဝယ်-ကော့သောင်းခရီးစဉ်တွေဟာ ခရီးစဉ်နဲ့ ယာဉ်လိုင်းပေါ်မူတည်ပြီး ၄၀,၀၀၀ ကျပ်ကစလို့ ၁၀၀,၀၀၀ ကျပ်အထိ ဈေးအစားစားရှိတာပါ။
စစ်အာဏာမသိမ်းခင်က ထားဝယ်-ကော့သောင်းခရီးကို တစ်ရက်နဲ့ ရောက်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ညမထွက်ရအမိန့်နဲ့ တိုက်ပွဲတွေကြောင့် တစ်ရက်ထက်ပိုသွားလာနေရတာပါ။
ဒါကြောင့် တည်းခို၊ စားသောက်စားရိတ်တွေနဲ့ကုန်ကျစားရိတ်ပိုတိုးလာတဲ့အပြင် ဂိတ်ကြေးတွေကြောင့် ခရီးစဥ်တစ်ခုကို ငွေကျပ်အနည်းဆုံး လေးသိန်းခန့် ကုန်ကျနေတယ်လို့ သိရပါတယ်။
The Tanintharyi Times
The Tanintharyi Times