ထားဝယ်ထောင်မှာ စစ်တပ်ကထွက်ပြေးတဲ့ အမှုနဲ့ ထောင်ဒဏ်ကျခံရသူတွေများလာ

ထားဝယ်ထောင်မှာ စစ်တပ်ကထွက်ပြေးတဲ့ အမှုနဲ့ ထောင်ဒဏ်ကျခံရသူတွေများလာ

ထားဝယ်အကျဥ်းထောင်မှာ စစ်တပ်ကထွက်ပြေးတဲ့အမှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ စစ်ကောင်စီတပ်သားဟောင်းတွေ များလာတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်အထိ ထားဝယ်အကျဥ်းထောင်မှာ စစ်ပြေးအမှုနဲ့‌ထောင်ကျနေသူ ဆယ်ဦးခန့်သာရှိပေမဲ့ လက်ရှိမှာတော့ ၅၀ ဦးနီးပါးအထိ ရှိနေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူကဆိုပါတယ်။

“အဓိကစစ်ပြေးပေါ့နော်၊ ရဲပြေးကမရှိဘူး။ မနှစ်ကစတာပေါ့။ စစ်မှုထမ်းသင်တန်းတွေခေါ်နေတုန်း ဒီဘက်ကလည်း တပ်ပြေးများလာတာပဲ” လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထားဝယ်ထောင်ကို စစ်ပြေးအမှုနဲ့ရောက်လာတဲ့သူတွေအများစုဟာ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကဖြစ်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူကဆိုပါတယ်။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ထားဝယ်ထောက်က လွတ်လာတဲ့ အကျဥ်းသားတစ်ဦးက စစ်ပြေးအမှုနဲ့ထောင်ကျနေသူတွေဟာ စစ်မှုထမ်းတပ်သားသစ်တွေ မဟုတ်ဘဲ အရင်ကတည်းကစစ်သားဖြစ်နေသူတွေလို့ ဆိုပါတယ်။

“လွတ်ငြိမ်းမရခင် ရက်ပိုင်းမှာတောင် သရက်ချောင်းစစ်တပ်က တပ်ပြေးဆိုပြီး ရောက်လာကြသေးတယ်။ အရင်ကတည်းက စစ်သားဖြစ်နေတဲ့ သူတွေပဲ” လို့ ပြန်လွတ်လာတဲ့ အကျဥ်းသားဟောင်းက ပြောပါတယ်။

သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီမှာ အလင်းဝင်ဖို့ထွက်ပြေးတဲ့အချိန်နဲ့ ကိုယ့်အစီစဥ်ကိုယ်ထွက်ပြေးတဲ့အချိန်တွေမှာ ပြန်လည်ဖမ်းဆီးမိတဲ့သူတွေ ဖြစ်တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

စစ်ပြေးအမှုနဲ့ ထောင်ချခံထားရသူတွေဟာ စစ်ခံရုံးကနေ ထောင်ဒဏ်အမိန့်ချပြီးနောက်မှ အကျဥ်းထောင်ကို ပို့ဆောင်ခံရတာဖြစ်ပါတယ်။

အဲဒီထဲက တချို့ကတော့ အရပ်ဘက်တရားရုံးကနေလည်း နိုင်ငံရေးအကျဥ်းသားတွေကို တရားစွဲလေ့ရှိတဲ့ အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ ထပ်မံတရားစွဲခံရတာတွေ ရှိတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

၁၉၅၉ စစ်တပ်အက်ဥပဒေမှာ စစ်ပြေးမှုနဲ့ အားပေးကူညီမှုတွေကို ပုဒ်မ ၃၇ အရ ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ စီရင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ လောက်ကိုင်မြို့ကို ကိုးကန့်တပ် MNDAA က သိမ်းချိန်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကိုလည်း တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (က)နဲ့ စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းချထားပါတယ်။

ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကိုတော့ သီးသန့်တိုက်အဆောင်ကို ခြံစည်းရိုးထပ်နဲ့ ချုပ်နှောင်ထားပြီး ထောင်အာဏာပိုင်တွေ ခွင့်ပြုထားတဲ့သူနဲ့ ဝန်ထမ်းတချို့သာ သွားလာခွင့်ပြုထားတယ်လို့လည် အကျဥ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။

ထားဝယ်အကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေ အပါဝင် အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၁၄၀၀ ဝန်းကျင်ရှိတဲ့ အကျဥ်းထောင်တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလ လေးနှစ်အတွင်း အကျဥ်း‌ထောင်လွတ်ငြိမ်းခွင့် အကြိမ်ကြိမ်ပေးခဲ့ဖူးပြီး အဲဒီလွတ်ငြိမ်းတွေ တပ်ပြေးအမှုတွေအပါအဝင်၊ ခိုးမှု၊ လုယက်မှု စတဲ့ ဒုစရိုက်မှုတွေနဲ့ ထောင်ကျနေသူတွေကို မကြာခဏလွှတ်ပေးလေ့ရှိပါတယ်။

The Tanintharyi Times