Zoom-In & Zoom-Out ရေးသားခြင်း

Zoom-In & Zoom-Out ရေးသားခြင်း

အခန်း(၈)

သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ

ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အခါ မှန်ဘီလူး Lens Zoom-In & Zoom-Out လုပ်ပြီး ရိုက်လေ့ရှိပါတယ်။ ဒါမှ အနီးကပ်ရိုက်ချက်တွေအပြင် အကျယ်မြင်ကွင်းတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်မှာလည်း အလားတူဖြစ်ပါတယ်။
မြင်ကွင်းကို Big Close Up, Close Up, Mid Shot, Wide Shotစတဲ့ ရိုက်ချက်စုံအောင်ပြကြရပါတယ်။

သတင်းဆောင်းပါးရေးတဲ့အခါမှာလည်း ဒီနည်းစနစ်ကို သုံးကြပါတယ်။ စာနန်စုဝမ်တအကြောင်း(Zoom-In) နဲ့ဖွင့်ထားပြီးတော့ မဲခေါင်မြစ်ကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု(Zoom-Out) ကို ရေးပြပါတယ်။ ပြီးရင် စာနန် ဆီကို ပြန်လာချင်လာမယ်၊ အခြားတံငါသည်တစ်ယောက် ဒါမှမဟုတ် ရွာသားတစ်ယောက်ဆီကို သွားရင်သွားမယ် (Zoom-Out)။ ဒီလိုရေးသားနည်းဟာ Zoom-In & Zoom- Out ရေးသားနည်းဖြစ်ပါတယ်။

ဆောင်းပါးအဖွင့်မှာ လမ်းဘေးမှာနေထိုင်နေရတဲ့ သက်ကြီးရွယ်အိုတစ်ယောက်အကြောင်းနဲ့ စထားတယ် ဆိုပါစို့။ သူလမ်းဘေးကို ဘယ်လိုရောက်လာတယ်၊ သူဘယ်လိုနေထိုင်ရတယ်ဆိုတာကို ဖော်ပြပါမယ်။ ဒါဟာ Zoom-In ဖြစ်ပါတယ်။

ပြီးရင်တော့ ကိုယ့်နိုင်ငံအတွင်းမှာ လမ်းဘေးမှာနေထိုင်နေကြရတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ပြဿနာဟာ ဘယ်လောက်ကြီးမားတယ်၊ ဘယ်လိုအချက်တွေက ဒီပြဿနာကိုကြီးမားလာစေနေတယ်ဆိုတာကို ပြောပါမယ်။ ဒါက Zoom-Out ဖြစ်ပါတယ်။

ပြီးရင်တော့ နောက်ထပ်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ဘဝကို ရေးပြပါမယ်။ Zoom-In ပါ။ ပြီးရင် နိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်နဲ့ ဘတ်ဂျက်အခြေအနေကို ရှင်းပြပါမယ်။ Zoom-Out ပါ။

လိုအပ်ရင် Zoom-Out မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင် နှိုင်းယှဉ်လို့ ရပါတယ်။ ကင်မရာမှာဆိုရင်တော့ Wide Lens ကို သုံးလိုက်တာပါပဲ။ ဒီလောက်ဆိုရင် Zoom-In & Zoom-Out ကိုအကြမ်းအားဖြင့် သိပြီလို့ ထင်ပါတယ်။

The Tanintharyi Times