စစ်ကောင်စီနဲ့ တာလီဘန် ကုလမှာ ကိုယ်စားပြုခွင့် ထပ်ပြီးငြင်းပယ်ခံရ
စစ်ကောင်စီနဲ့ တာလီဘန် ကုလမှာ ကိုယ်စားပြုခွင့် ထပ်ပြီးငြင်းပယ်ခံရ
နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ အစိုးရတွေဆီကနေ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေရဲ့ ကိုယ်စားပြုခွင့်ကို ကုလသမဂ္ဂက ဒုတိယအကြိမ် ထပ်ပြီး ငြင်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်ချင်းစစ်ကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီနဲ့ တာလီဘန်က အဆိုပြုတဲ့ ကိုယ်စားလှယ်တွေကို လက်မခံဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ အာဏာမသိမ်းခင်က ခန့်ထားတဲ့ သံအမတ်ကြီးတွေကိုပဲ မူလရာထူးအတိုင်း ဆက်ထားဖို့ သဘောတူခဲ့ပါတယ်။
ယမန်နှစ် ၂၀၂၁ ဒီဇင်ဘာ လဆန်းပိုင်းကလည်း စစ်ကောင်စီနဲ့ တာလီဘန်တွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေ စေလွှတ်ခန့်ထားဖို့ အဆိုပြုချက်ကို ကုလသမဂ္ဂက ငြင်းပယ်ခဲ့ပြီး ယခု နောက်တစ်ကြိမ် ထပ်ငြင်းခံရတာပါ။
ဒါပေမယ့် လာမယ့်နှစ် ၂၀၂၃ စက်တင်ဘာမှာ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ စစ်ကောင်စီနဲ့ တာလီဘန်တွေ တောင်းဆိုနေတဲ့ ကိုယ်စားပြုခွင့်ကို စဉ်းစားမယ်လို့ ဆိုပါတယ်။
အလားတူ လစ်ဗျားနိုင်ငံရဲ့ ကုလအမြဲတမ်း ကိုယ်စားလှယ်နေရာကို ဝန်ကြီးချုပ် ဖာသီဘာရှာဂါ ဦးဆောင်တဲ့ နိုင်ငံအရှေ့ပိုင်းက အစိုးရနဲ့ ထရီပိုလီမြို့တော် အခြေစိုက် အစိုးရတို့ အပြိုင်လုနေပြီး လက်ရှိ ရှိနေတဲ့ ထရီပိုလီ အစိုးရ ကိုယ်စားပြု ကိုယ်စားလှယ်ကိုပဲ ဆက်ထားဖို့ ကုလကော်မတီက ဆုံးဖြတ်ပါတယ်။
စစ်ကောင်စီနဲ့ တာလီဘန် ကိုယ်စားလှယ်တွေကို ကုလက အသိအမှတ်ပြု ခန့်ထားမယ်ဆိုရင် အဲဒီအာဏာသိမ်း နှစ်ဖွဲ့လုံး တောင်းဆိုနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရသွားဖို့ နောက်ထပ် ခြေတစ်လှမ်း ပိုမို နီးကပ်သွားမှာပါ။
အဖွဲ့ဝင် ကိုးနိုင်ငံပါတဲ့ ကုလသမဂ္ဂ အရည်ချင်းစစ်ကော်မတီမှာ အမေရိကန်ပြည်ထောင်စုနဲ့ အတူ တရုတ်နဲ့ ရုရှားတို့လည်း ပါဝင်ပါတယ်။
စစ်ကောင်စီ၊ တာလီဘန်နဲ့ လစ်ဗျားတို့ရဲ့ ကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆိုမှု ငြင်းပယ်တဲ့ကိစ္စကို အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာ ၁၆ ရက် သောကြာနေ့မှာ အတည်ပြုဖို့ ရှိနေပါတယ်။
ကိုးကား – ရိုက်တာ
The Tanintharyi Times
