ရန်ကုန်-ရေး-ထားဝယ် ရထားလမ်းကို KNLA မိုင်းခွဲတိုက်ခိုက်ခဲ့
ရန်ကုန်-ရေး-ထားဝယ် ရထားလမ်းကို KNLA မိုင်းခွဲတိုက်ခိုက်ခဲ့
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ရန်ကုန်-ရေး-ထားဝယ်ရထားလမ်း မိုင်းခွဲတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ KNLA က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ရထားကို KNU တပ်မဟာ ၁၊ တပ်ရင်း ၂ လက်အောက်ခံတပ်ဖွဲ့ဝင်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ရင်းမှူးတစ်ဦးက ကရင်ဒေသသတင်းဌာနဖြစ်တဲ့ Salween Press ကို အတည်ပြုပြောဆိုထားပါတယ်။
အဲဒီရထားဟာ တပ်မဟာ ၆ ဘက်ကိုပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေတင်လာတာဖြစ်တယ်လို့လည်း KNLA တပ်ရင်းမှူးက ပြောထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရထားပေါ်လိုက်ပါလာတဲ့ စစ်ကား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ Salween Press က ဖော်ပြထားသလို စစ်ကောင်စီရဲ့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးကတော့ အဆိုပါရထားဟာ ကုန်ရထားဖြစ်ပြီး ဝန်ထမ်း လေးဦးပဲ ပါပြီး ၎င်းတို့ထိခိုက်မှုမရှိဘူးလို့ Voice of Myanmar ကို ပြောထားတာတွေ့ရပါတယ်။
ရထားလမ်းပျက်စီးခဲ့လို့ ရထားခရီးစဥ်တွေကို ဖျက်သိမ်းလိုက်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေပါတယ်။
ရန်ကုန်-ရေး-ထားဝယ်ရထားလမ်းဟာ စတင်ဖောက်လုပ်တဲ့အချိန်ကတည်းက စစ်တပ်ရဲ့လက်နက်ခဲယမ်းသယ်ယူဖို့အဓိကတည်ဆောက်ထားတာလို့ ဝေဖန်ထောက်ပြသူတွေရှိခဲ့ပြီး အဲဒီရထားလမ်းဟာ စစ်တပ်ရဲ့တပ်ရင်းတွေနဲ့အနီးကပ်ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။
The Tanintharyi Times
