ဒေသခံတွေ စစ်ရှောင်နေရလို့ လူမရှိတဲ့ရွာထဲမှာ ပစ္စည်းခိုးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ
ဒေသခံတွေ စစ်ရှောင်နေရလို့ လူမရှိတဲ့ရွာထဲမှာ ပစ္စည်းခိုးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ
သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ ဒေသခံတွေ စစ်ရှောင်နေချိန် နေအိမ်တွေက ပစ္စည်းတွေ ခိုးယူဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံနဲ့ ကစယ်ဒိုကျားတပ်ဖွဲ့ဆီက သိရပါတယ်။
မနေ့ကမနက် ၁၁ နာရီလောက်မှာ ရငဲရွာ၊ မြွေတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကို ကားနှစ်စီးနဲ့လာတဲ့အချိန် ရွာအခေါ်အင်းဘူးအပိုင်းမှာ ကစယ်ဒိုကျားတပ်ဖွဲ့နဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ကပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်ခံရတဲ့ ကားနှစ်စီးပေါ်မှာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ပါလာပြီး ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ကစယ်ဒိုကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးက ပြောပါတယ်။
“ကျနော်ရှေ့မှာ လဲတာ သုံးယောက်ပါ။ ထိခိုက်မှုတော့ များမယ်။ ကားကိုမိုင်းဆွဲပြီးမှ ပစ်တာပါ။ သူတို့က အလောင်းတွေဆွဲပြီး ဆုတ်ပြေးကုန်လို့ ဘာမှ မရလိုက်ဘူး” လို့ ကစယ်ဒိုကျားတပ်ဖွဲ့ရဲ့တပ်ခွဲမှူး ဘဦးသစ်ကပြောပါတယ်။
ဒေသခံတစ်ဦးကတော့ ပစ်ခတ်သံတွေကိုတော့ အချိန်တစ်နာရီကျော်လောက်အထိ ကြားရပြီး တပ်စွဲထားတဲ့ မြွေတောင်ပေါ်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
တပ်ခွဲမှူး ဘဦးသစ်က “သူတို့က ပစ္စည်းယူဖို့လာတာ။ တိုက်တဲ့အချိန် ပြန်ခံမချဘူး။ သူတို့လူတွေအရဆွဲပြီး ဆုတ်ပြေးတယ်။ ကျနော်တို့လည်း တစ်ဝက်ပဲ တက်လိုက်တယ်။ တောင်နားနီးတော့ ဆက်လိုက်လို့မရတော့ဘူး” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ဦးခန့်ဟာ မနေ့ကညပိုင်းအထိ သူတို့တပ်စွဲထားတဲ့ နေရာကိုမပြန်ဘဲ တပ်ကပါထွက်ပြေးသွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကတည်းက စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ရွာသားတွေ ထွက်ပြေးသွားရတဲ့ ရငဲရွာထဲကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်ကာ နေအိမ်တွေမှာ ပစ္စည်းခိုးယူနေသလို၊ ရွာသားတွေကို ဝင်ခွင့်မပေးဘဲ တွေ့ရင် ပစ်သတ်တာ၊ ဖမ်းဆီးရိုက်နှက်တာနဲ့ ငွေညှစ်တာတွေကိုလည်း လုပ်ဆောင်နေတာပါ။
ရငဲရွာသားတွေကတော့ စစ်ကောင်စီတပ်စွဲတဲ့အချိန်ကစလို့ အခု နှစ်လကျော်ကြာတဲ့အထိ နေအိမ်တွေကို ပြန်လို့မရသေးပါဘူး။
The Tanintharyi Times