ထောင်မှူးအပါအဝင် ရာထူးကြီးထောင်ဝန်ထမ်းအများအပြား ချုပ်နှောင် စစ်ဆေးခံနေရ
ထောင်မှူးအပါအဝင် ရာထူးကြီးထောင်ဝန်ထမ်းအများအပြား ချုပ်နှောင် စစ်ဆေးခံနေရ
ထားဝယ်အကျဉ်းထောင်က ဒုထောင်မှူးနေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေဖမ်းမိပြီးနောက် ထောင်မှူး၊ ဒုထောင်မှူးအပါအဝင် ရာထူးကြီးပိုင်းဝန်ထမ်းအများအပြားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ ထားဝယ်အကျဥ်းထောင်က ဒုထောင်မှူး(ထောင်ပိုင်လေး) ဦးသူရိန်ထွန်းရဲ့ထောင်ဝင်းထဲကနေအိမ်ကို စစ်ကောင်စီတပ်က အလစ်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အဲဒီအချိန် သူ့ရဲ့နေအိမ်အခန်းထဲမှာ WYဆေးပြား၊ ICE နဲ့ဆေးခြောက်တွေအပြင် မိုဘိုင်းဖုန်းအများအပြားကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။
“တခြားဝန်ထမ်းအိမ်ရာတွေကို အရင်ရက်တွေကတည်းက တစ်ခေါက်စစ်သေးတယ်။ မနေ့ကတော့ ပါဆယ်လက်ခံတဲ့နေရာနဲ့ ကပ်နေတဲ့ ဒုထောင်ပိုင်အိမ်ကို ဝင်တာ။ မိတာက မနည်းမနောပဲ” လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီနောက် ထောင်မှူးဟောင်း ဦးအောင်နိုင်ဖေနဲ့ ဒုတိယထောင်မှူး ဦးသူရိန်ထွန်းအပါအဝင် ထားဝယ်ထောင်က ရာထူးအကြီးပိုင်းက အမျိုသားဝန်ထမ်းအယောက် ၂၀ လောက်ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးခံနေရတဲ့ ထောင်မှူးကတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ရာထူးကအနားပေးလိုက်တဲ့ ထောင်မှူးဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“အပြင်ကိုပေးမထွက်ဘဲ ထောင်ဘူးထဲမှာချုပ်ထားပြီး စစ်နေတာ။ အကြီးပိုင်း ဝန်ထမ်းအများစုပါတယ်။ ပြီးတော့ စစ်ဆေးရေးတာဝန်ကျသူ အကုန်ပါတယ်” လို့ ထောင်နဲ့နီးစပ်သူ က ပြောပါတယ်။
ဖမ်းဆီးတာနဲ့ စစ်ဆေးတာတွေကိုတော့ စစ်ကောင်စီတပ်သားတွေက လုပ်ဆောင်နေတာလို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးချိန် နေအိမ်အတွင်းက WY ဆေးပြား၊ ICE၊ ဆေးခြောက် အပြင် ခလုတ်ဖုန်း ဖုန်းမျိုးစုံ ၄၉ လုံး၊ Touch Screen ဖုန်း ၃၀ လုံး၊ ဖုန်းနဲ့ စပ်ဆက်ပစ္စည်းအများအပြားနဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေသိမ်းမိတယ်လို့ ရေးသားထားပါတယ်။
ထားဝယ်ထောင်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ဒုတိယပတ်က စစ်ကောင်စီခန့်နယ်လုံဝန်ကြီး ဝင်ရောက်စစ်ဆေးချိန် ဝန်ထမ်း ၄ ဦးမှာမူးယစ်ဆေးဝါး ဖမ်းမိပြီးနောက် ဆက်တိုက်အစစ်အဆေးတင်းကြပ်နေတာပါ။
အဲဒီနောက်ပိုင်း အထူးစစ်ဆေးရေး ဝင်ရောက်စစ်ဆေးချိန်မှာလည်း အကျဥ်းသားတွေဆီက မိုဘိုင်းဖုန်းဖမ်းမိတာနဲ့ မူးယစ်ဆေးဖမ်းမိတာတွေရှိခဲ့ပါတယ်။
မူးယစ်ဆေးဖမ်းမိတဲ့ ဝန်ထမ်းတွေကိုပုဒ်မတပ်တရားစွဲထားပြီး အကျဥ်းသားတွေကိုတော့ တိုက်ပိတ်တာ၊ ထောင်ဝင်စာပါဆယ်ပိတ်တာနဲ့ အပြင်ကို ခေါ်ထုတ်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။
အကျဥ်းသားမိသားစုဝင်အမျိုးသမီးတစ်ဦးက”အထဲမှာကတော့ တော်တော်ကိုရှုပ်နေတယ်။ ထောင်တွင်းပြစ်ဒဏ် ချထားတာတွေ ရှိတယ်။ တရားစွဲဖို့ လုပ်နေတာတွေလည်း ရှိတယ်။ အခန်းတန်းစီးတွေကအစ အားလုံးခေါ်စစ်နေတယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးမိတဲ့အခန်းရဲ့ အခန်းတန်းစီးခေါ်ယူစစ်ဆေးရာမှာလည်း ထိုးကြိတ်ရိုက်နှက်တာတွေရှိပြီး ၃ ဦးလောက်မှာ မျက်နှာဖူးရောင်ဒဏ်ရာတွေရထားတယ်လို့ သိရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး အဲဒီထဲက ၄၀၀ ဝန်းကျင်ဟာနိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။
The Tanintharyi Times
