တနင်္သာရီမှာ မှတ်ပုံတင်လဲလှယ်ဖို့ ငွေကျပ် လေးသောင်းနဲ့ အထက်ပေးနေရ
တနင်္သာရီမှာ မှတ်ပုံတင်လဲလှယ်ဖို့ ငွေကျပ် လေးသောင်းနဲ့ အထက်ပေးနေရ

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းအတွင်းက ဆယ့်ရှစ်နှစ်ပြည့်မှတ်ပုံတင်လဲတဲ့သူတွေဟာ မြို့နယ်လဝကရုံးတွေမှာ ကျပ်လေးသောင်းနဲ့အထက်ပေးနေရတယ်လို့ အခုနှစ်အတွင်း မှတ်ပုံတင်လဲခဲ့တဲ့ပြည်သူတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ရေဖြူမြို့နယ်က ဒေသခံတွေဟာ မှတ်ပုံတင်အသစ်လုပ်တာ၊ ၁၈ နှစ်ပြည့်မှတ်ပုံတင်ပြောင်းတာ စတာတွေကို ပုံမှန်အားဖြင့် မြို့နယ်ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)ရုံးမှာလုပ်ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီရုံးကိုမီးရှို့ခဲ့တာကြောင့် လက်ရှိမှာတော့ ရေဖြူမြို့နယ်ထွေအုပ်ရုံးမှာ လုပ်ပေးနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ထွေအုပ်ရုံးမှာဖောင်သာဖြည့်ရတာဖြစ်ပြီး ထားဝယ်မြို့က လဝကရုံးမှာ ဦးစီးမှူးထံမှာ အဲဒီဖောင်သွားတင်ရတယ်လို့ ဆိုပါတယ်။ ထားဝယ်လဝက ဦးစီးမှူးကမှ လာလုပ်တဲ့သူရဲ့အခြေအနေပေါ်မူတည်ပြီး ပိုက်ဆံတောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
ပိုက်ဆံမပေးနိုင်တဲ့သူ၊ မပေးချင်တဲ့သူတွေကိုတော့ ရက်ချိန်းထပ်ခါထပ်ခါချိန်းပြီး တောင်းတဲ့အတိုင်းပေးတဲ့သူကိုတော့ နေ့တွင်းချင်း မှတ်ပုံတင်ရအောင်လုပ်ပေးတယ်လို့ အခုနှစ်အတွင်း မှတ်ပုံတင်လုပ်ခဲ့တဲ့ ရေဖြူမြို့နယ်ဒေသခံတွေက ပြောပါတယ်။
ရေဖြူမြို့နယ်ထဲကဒေသခံတစ်ဦးက “ထားဝယ်လဝကရုံးက ဦးစီးမှူးက ရေဖြူရုံးမှာပိုက်ဆံပေးခဲ့လားဆိုတာအရင်မေးတယ်။ မပေးခဲ့ရဘူးပြောတော့ ငါးသောင်းတောင်းတယ်။” လို့ ပြောပါတယ်။
ရုံးတိုင်းမှာလည်း အရင်ရောက်သူအတိုင်းအစဥ်လိုက်လုပ်ပေးတာမျိုးမဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ အသိမိတ်ဆွေတွေကို အခွင့်ထူးခံလူတန်းစားတွေအနေနဲ့ဦးစားပေးတာမျိုးတွေလည်းကြုံခဲ့ရတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
ရန်ကုန်-ထားဝယ်ကားလမ်းမမှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာလည်း ဆယ့်ရှစ်နှစ်ပြည့်ပြီးမလဲရသေးတဲ့မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ပိုက်ဆံပိုကောက်တာတွေရှိပြီး ပုံမှန်ခရီးသွားတွေထက် စစ်ဆေးမေးမြန်းတာ ၊မှတ်ပုံတင်လဲဖို့ ဖိအားပေးပြောဆိုခံရတာတွေရှိနေတာကြောင့် စစ်အာဏာသိမ်းကာလမှာ ငွေကြေးပေးပြီးမလုပ်ချင်ပေမဲ့ လိုအပ်ချက်တစ်ခုအနေနဲ့လုပ်နေရတယ်လို ဒီကာလမှာ မှတ်ပုံတင်သွားလုပ်ခဲ့တဲ့ ဒေသခံက ပြောပါတယ်။
ရေဖြူမြို့နယ်မှာ စစ်အာဏာမသိမ်းခင်ကလည်း အခုလို ပိုက်ဆံတောင်းတာာတွေရှိခဲ့ပေမဲ့ အခုလောက်ထိတော့ပမာဏမများခဲ့ဘူးလို့ ပုဂေါဇွန်းရွာကလူငယ်အမျိုးသားတစ်ဦးကပြောပါတယ်။
“၂၀၁၈ က ၁၈နှစ်မှတ်ပုံတင်သွားပြောင်းတာ သူငယ်ချင်းလေးယောက်စုပြီး။ အဲတုန်းကတစ်ယောက် သုံးထောင်နှုန်းနဲ့ လေးယောက် တစ်သောင်းနှစ်ထောင်ပေးတာ” လို့ အဆိုပါအမျိုးသားက ပြောပြပါတယ်။
သရက်ချောင်းမြို့နယ်က လဝကရုံးမှာလည်း ရုံးဝန်ထမ်းတွေက လူပုံစံကြည့်ပြီး ကျပ်လေးသောင်းထက်မနည်းပေါ်တင်တောင်းယူတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့မှာကျတော့ ပိုက်ဆံကိုလူကြီးကတိုက်ရိုက်မယူဘူး။ လက်အောက်ငယ်သားတွေကိုပဲပေးခဲ့ရတာ။ လူကြီးကအောက်လက်ကတဆင့်ပြန်ယူတာ။ လူအများအမြင်မှာကျသူမယူဘူးပေါ့အဲပုံစံ။” လို့ သရက်ချောင်းဒေသခံ တစ်ဦးက ဆိုပါတယ်။
ထားဝယ်မြို့ လဝကရုံးမှာ မှတ်ပုံတင်ပျောက်လို့ အသစ်ပြန်လျှောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ကျပ်သုံးသိန်းပေးခဲ့ရပြီး အရှေ့တောနယ်ဘက်က အစ္စလာမ်ဘာသာဝင်တွေကတော့ ကျပ်လေးသိန်းပေးခဲ့ရတယ်လို့ သိရပါတယ်။ စစ်အာဏာမသိမ်းခင်ကလည်း အစ္စလာမ်ဘာသာဝင်တွေမှတ်ပုံတင်ပျောက်လို့ပြန်လျှောက်ရင် အခုပမာဏအတိုင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်ကတည်းက မြို့နယ်အသီးက လဝက ရုံးတွေမှာ ဘာသာခြားမဟုတ်တဲ့နိုင်ငံသားတွေ မှတ်ပုံတင်အပြောင်းအလဲလုပ်ရင် အခုလို ပိုက်ဆံတောင်းခံရတာမျိုးရှိပေမဲ့ ကျပ်ငါးထောင်ဝန်းကျင်သာအလွန်ဆုံးပေးခဲ့ရတယ်လို့ သိရပါတယ်။
အခုဖော်ပြထားတဲ့ ငွေကြေးပမာဏတွေဟာ တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက်ရရှိထားတဲ့အချက်အလက်တွေဖြစ်ပါတယ်။
လဝက ရုံးနဲ့ဝေးတဲ့ရွာတွေက ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် သွားရေးလာရေးခက်ခဲတာ၊ မလုံခြုံတာ၊ အရင်ကထက်ခရီးစာရိတ်ပိုကုန်ကျတာတွေကြောင့် လဝကရုံးကိုလာဖို့ခက်ခဲနေကြပြီး တာဝန်ရှိသူတွေအနေနဲ့ ရွာတွေဆီမှာ ကွင်းဆင်းလုပ်ဆောင်ပေးဖို့ကိုဒေသခံတွေက မျှော်လင့်နေကြပါတယ်။
စစ်အာဏာမသိမ်းခင်ကာလတွေက လဝကရုံးကတာဝန်ရှိသူတွေဟာ ကျေးရွာအသီးသီးမှာ ကွင်းဆင်းပြီး မှတ်ပုံတင်အသစ်လုပ်တာ၊ ပျောက်ဆုံးလျှောက်တာ၊ ပြောင်းတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အခကြေးငွေမယူဘဲ လုပ်ဆောင်ပေးတာတွေရှိခဲ့ပါတယ်။
The Tanintharyi Times