ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ထပ်မံဖွဲ့စည်း

ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ထပ်မံဖွဲ့စည်း

ထားဝယ်ဒေသက လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)က စစ်အာဏာရှင် တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ လူထုကို ပထမဆုံးအကြိမ်အသိပေးလာပါတယ်။

TPLF ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေကို မိတ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေခဲ့ပေမဲ့ တပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

“ကျနော်တို့ဘက်က လူအင်အား၊လက်နက်အင်အားကိုစုဆောင်းနေဆဲကာလဖြစ်တာရယ် လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာဖို့အချိန်တစ်ခုယူဖို့လိုတာရယ်ကြောင့် မထုတ်ပြန်ခဲ့တာပါ။ နောက်တစ်ခုက တည်ဆောက်နေဆဲကာလမှာ လုံခြုံရေးစည်းကျိုးမှာစိုးရိမ်တာကြောင့်ပါ ” လို့TPLFရဲ့ တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ TPLF တပ်ဖွဲ့ဝင်တွေကို ထားဝယ်ဒေသအတွင်းက တော်လှန်ရေးတာဝန်ထမ်းဆောင်မယ့် နေရာတွေကို ဖြန့်ကျက်ထားပြီးပြီလို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်တဲ့အထိ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲ၀င်သွားမယ်လို့လည်း TPLF က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

” TPLFက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင်ညီနောင်PDF တွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖန်တီးခွင့်ရှိတဲ့ တနင်္သာရီပြည်နယ် ဖက်ဒရယ်ယူနစ်တစ်ခုရရှိဖို့အတူတူလက်တွဲကြိုးစားသွားမယ် ” လို့လည်း တာဝန်ရှိသူ ကသူတို့ရဲ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။

TPLF အဖွဲ့ဟာ မတ်လ ၁၃ ရက်ညက ရေဖြူမြို့က စရဖရုံးကို ဖောက်ခွဲပြီး စစ်ကူလာတဲ့ကားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုကို မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ နဲ့ မနှစ်ကဇူလိုင်လမှာ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ် (DPDA)မှာ အဖွဲ့တချို့မပါဝင်နိုင်တော့တဲ့အတွက် နောက်ပိုင်းမှာ လက်ရှိအမည် TPLF ကိုပြောင်းလဲဖွဲ့စည်းလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times