ထားဝယ်ထောင်မှာ နိုင်ကျဥ်း ၃ဦးအပါအဝင် အကျဥ်းသားဆယ်ဦးကျော် ရိုက်နှက်ထိုးကြိတ်ခံရ
ထားဝယ်ထောင်မှာ နိုင်ကျဥ်း ၃ဦးအပါအဝင် အကျဥ်းသားဆယ်ဦးကျော် ရိုက်နှက်ထိုးကြိတ်ခံရ

ထားဝယ်အကျဥ်းထောင်မှာ မနေ့ကညနေပိုင်းက နိုင်ငံရေးအကျဥ်းသား ၃ ဦး အပါအဝင် အကျဥ်းသား ၁၀ ဦးကျော်ကို ထောင်အာဏာပိုင်တွေက ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ညနေ ၅ နာရီထောင်ပိတ်ချိန်အမှီ ရေချိုးဖို့နောက်ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ကျခံနေရတဲ့ လူငယ် ၂ ဦး၊ ပုဒ်မ ၅၀၅-က၊ ၁၉(စ)တို့နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံနေရတဲ့ လူငယ်တစ်ဦးအပါအဝင် အကျဥ်းသား ၁၀ ဦးကျော်ကို အကျဥ်းထောင်အရာရှိတစ်ဦးက ရိုက်နှက်ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“သူတို့ကို နားရင်းတွေ၊ ကျောကုန်းတွေ၊ လည်ပင်းတွေကိုအပြင်းအထန်ရိုက်နှက်ခဲ့တာပါ။ အဲဒါဟာ အကျဥ်းသားအခွင့်အရေးကိုချိုးဖောက်တာပါ။ နိုင်ငံရေးအကျဥ်းသားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိဦးချိုးတာလို့လည်းယူဆတယ် ” လို့ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ရှိသူက ပြောပါတယ်။
ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ထားဝယ်ထောင်အရာရှိမှာအမှတ် (၃)အိပ်ဆောင်မှူး ဇော်ဇော်ထက်ဆိုသူဖြစ််တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း မူးယစ်ပုဒ်မဖြင့်ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူ အသက်(၅၀)နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးကို ထောင်အရာရှတွေနဲ့ ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ပြီးတိုက်ပိတ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဇွန်လအတွင်းကလည်း ထောင်ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက်ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စိတ်မကျန်းမာတဲ့အကျဥ်းသားတစ်ဦးကို ထောင်အရာရှိတွေနဲ့ ဝန်ထမ်တွေက ဦးခေါင်းကွဲတဲ့အထိ ရိုက်နှက်ကာတိုက်ပိတ်ခဲ့တယ်လို့ဆိုပါတယ်။ ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူစုစုပေါင်း ၅၀၀ ဝန်းကျင်အထိရှိနေပြီး အဲဒီအထဲကမှာ ၃၀၀ ဝန်းကျင်ဟာထောင်ဒဏ်အသီးသီးအမိန့်ချမှတ်ခံထားရပါတယ်။
The Tanintharyi Times