လေကြောင်းက ဗုံးကြဲလို့ ရေဖြူမြို့နယ်က အိမ်ထောင်စု ၆၀၀ ထက်မနည်း စစ်ဘေးရှောင်နေရ
လေကြောင်းက ဗုံးကြဲလို့ ရေဖြူမြို့နယ်က အိမ်ထောင်စု ၆၀၀ ထက်မနည်း စစ်ဘေးရှောင်နေရ

အရင်က စစ်ဘေးရှောင်မရှိတဲ့ ရေဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် အိမ်ထောင်စု ၆၀၀ ထက်မနည်း စစ်ဘေးရှောင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဓိကစစ်ဘေးရှောင်ရတဲ့နေရာတွေက ရေဖြူမြို့နယ်ထဲရှိ ခမောင်းချောင်းရွာ၊ ဝက်ချောင်းရွာ၊ ဧကနိရွာ၊ ပုဂေါဇွန်းရွာ၊ မူးဒူးရွာ၊ ဘဝါရွာ၊ နဘုလယ်ရွာ စတဲ့ရွာတွေက အိမ်ထောင်စုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ မနက်ပိုင်းက နဘုလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ ဗုံး၅ လုံးကြဲခဲ့ပြီး ဒီကနေ့မှာလည်း လေကြောင်းအပါအဝင် မြေပြင်စစ်ကြောင်းပါ ထိုးနေတာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နီးစပ်ရာတောထဲမှာ စစ်ဘေးရှောင်နေတဲ့ ခမောင်းချောင်းရွာဒေသခံတစ်ဦးက “ထွက်ပြေးလာကတည်းက စားနပ်ရိက္ခာနည်းနည်း ပါလာတယ်။ လောလောဆယ် အဲဒါတွေပဲချက်ပြီးစားသောက်နေကြတယ်။” လို့ ပြောပါတယ်။
ရုတ်တရက်စစ်ဘေးရှောင်ထွက်ပြေးလာခဲ့ရတာကြောင့် ဒေသခံအချို့ကတော့ ရိက္ခာမသယ်ယူခဲ့ရတဲ့သူတွေရှိနေပြီး ဒီတစ်ပတ်အတွင်းအိမ်မပြန်နိုင်ရင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အချို့တွေကတော့ မနေ့ကတည်းက ထားဝယ်မြို့ပေါ်နဲ့ ဆွေမျိုးအိမ်တွေရှိတဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့က ဒီကနေ့ မနက်ပိုင်းမှာ နေအိမ်ပြန်ခဲ့ကြပေမဲ့ လေယာဉ်သံထပ်ကြားရလို့ ပြန်လည်ထွက်ပြေးခဲ့ကြရတယ်လို့ ရေဖြူဒေသခံတွေကပြောပါတယ်။
ပုဂေါဇွန်းရွာ ဒေသခံအမျိုးသားတစ်ဦးက “ဒီလိုပဲ ထားဝယ်မြို့ထက်က ဘုန်းကြီးကျောင်းတွေ ဆွေမျိုးရှိတဲ့ အိမ်တွေ၊ရွာတွေမှာ ရှောင်နေကြတယ်။ အကုန်နီးစပ်ရာ သူ့နေရာနဲ့သူတော့ရှောင်နေကြတာပဲ။ ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်တဲ့ လမ်းတလျှောက်အဖမ်းခံထားရတဲ့ အရပ်သားတွေလည်းရှိနေတယ်လို့ ကြားသိရပြီး ဘယ်နှစ်ယောက်အဖမ်းခံထားရတယ်ဆိုတာကိုတော့ အတည်မပြုနိုင်ဖြစ်နေပါတယ်။ ခမောင်းချောင်းရွာသားတစ်ဦးကတော့ လောလောဆယ် သိထားတာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။
“ထပ်ရှိအုံးမယ်။ အကုန်ထွက်ပြေးလာရတော့ ဘယ်သူတွေ ဘယ်လိုဖြစ်ပြီးပါသွားတယ်ဆိုတာ မသိရဘူး။” လို့ ၎င်းက ဆက်ပြောပါတယ်။
ရေဖြူမြို့နယ်ဟာ ကျေးရွာအုပ်စု စုစုပေါင်း ၂၇ အုပ်စုနဲ့ ရပ်ကွက်စုစုပေါင်း ၄ ရပ်ကွက်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
မနေ့ က မနက်အစောပိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းစတင်အသုံးပြုလာတာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
The Tanintharyi Times