ထိုင်းရွေးကောက်ပွဲမှာ Move Forward Party အနိုင်ရလို့ ဝန်ကြီးချုပ်နေရာအတွက် ပြင်ဆင်

ထိုင်းရွေးကောက်ပွဲမှာ Move Forward Party အနိုင်ရလို့ ဝန်ကြီးချုပ်နေရာအတွက် ပြင်ဆင်

မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ Move Forward Party (MFP) အနိုင်ရသွားတာကြောင့် ဝန်ကြီးချုပ်နေရာအတွက် ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအင်ရတ် (Pita Limjaroenrat) က ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး နောက်မှာတော့ အသက် ၄၂ နှစ်အရွယ် Move Forward ပါတီ ခေါင်းဆောင်ပီတာ က “ကျွန်တော်တို့ အစိုးရဖွဲ့ဖို့ စိတ်ချရပြီလို့ ယူဆမိပါတယ်” လို့ ဒီကနေ့ (တနင်္လာနေ့) မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့နဲ့ အပြိုင် ခက်ခက်ခဲခဲ မဲဆွယ်ခဲ့ကြတဲ့ ပယ်ထုံတန် ရှင်နာဝပ်ထရာ ကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားကာ အစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် နောက်ထပ်လိုအပ်တဲ့အမတ် ၃၀၉ ဦး မှာ သူမရဲ့ ဖွေထိုင်းပါတီ Pheu Thai Party အပါအဝင် နောက်ထပ် ပါတီ ၄ ခုကို စည်းစည်လုံးလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

MFP ဟာ အရင်အစိုးရထံကနေ လက်လွှဲရယူရေးလုပ်ငန်းစဥ် ပိုမိုချောမွေ့စေရေးအတွက် “အသွင်ကူးပြောင်းရေး အဖွဲ့” တစ်ဖွဲ့ ထူထောင်သွားမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး “စီးပွား‌ရေး အရရော နိုင်ငံရေးအရပါ ပေါ်လာနိုင်တဲ့ မမြင်ရတဲ့ အန္တရာယ်တွေကို တတ်နိုင်သမျှ လျှော့ချသွားဖို့ အမြန်ဆုံး အစိုးရ ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်” လို့ သူက ဆိုပါတယ်။

ကော်မရှင်အဖွဲ့ရဲ့ အတည်မပြုနိုင်သေးတဲ့ စာရင်းတွေအရ MFP ဟာ အမတ်နေရာ ၅၀၀ မှာ ၁၅၁ နေရာနဲ့ ဝေစုအများဆုံး ရရှိထားပြီး ပြည်သူ့ဆန္ဒမဲ ၁၄ သန်း အနိုင်ရထားကာ ပထမနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

အဲဒီ့စာရင်းထွက်ပြီးနောက် နာရီပိုင်း အကြာမှာပဲ ပါတီရဲ့ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းထားတဲ့ ပီတာက သူ့အနေနဲ့ နိုင်ငံရဲ့ အယောက် ၃၀ မြောက် ၀န်ကြီးချုပ်နေရာအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့မှာ တူညီတဲ့ အိပ်မက်တွေ မျှော်လင့်ချက်တွေ ရှိကြတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ချစ်တဲ့ ထိုင်းနိုင်ငံ ပိုကောင်းမွန်လာဖို့ ကျွန်တော်ယုံကြည်တယ်။ ခင်ဗျားတို့ အနေနဲ့ ကျွန်တော်ကို ကြိုက်သည်ဖြစ်စေ…မကြိုက်သည် ဖြစ်စေ….ကျွန်တော်ကတော့ ဝန်ကြီးချုပ် အဖြစ် အလုပ်လုပ်သွားမယ်။ ခင်ဗျားတို့ ကျွန်တော့်ကို မဲပေးခဲ့သည် ဖြစ်စေ…မဲမပေးခဲ့ဘူးဖြစ်စေ…. ကျွန်တော်က ခင်ဗျားတို့အတွက် တာဝန်ထမ်းဆောင်ပေးပါ့မယ်” လို့ သူကပြောပါတယ်။

အကြိုရလဒ်တွေအရ ဘန်ကောက်ရဲ့ အမတ်နေရာ ၃၃ နေရာအတွက် ၃၂ နေရာကို Move Forward Party က အနိုင်ရခဲ့ပြီး ကျန်တစ်နေရာကိုတော့ Pheu Thai Party က ရရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီအားလုံး ရှုံးနိမ့်သွားတာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ထိုင်းနိုင်ငံသား ၅၂ သန်းထဲက မဲပေးသူ ၇၄ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ပြည်သူ ၇၅ ဒသမ ၂၂ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ပါတယ်။

၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဆက်နွယ်နေတဲ့ ဖွေထိုင်း ပါတီကတော့ အမတ်နေရာ ၁၄၁ နေရာအနိုင်ရရှိကာ ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၀၁ ခုနှစ်ကစလို့ ရွေးကောက်ပွဲတိုင်းမှာ ဖွေထိုင်းလို သက်ဆင်ကျောထောက်နောက်ခံပြု ပါတီတွေက မဲအများဆုံးရရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ဖွေထိုင်းပါတီက အကြီးအကျယ်မဲဆွယ်ခဲ့ပေမဲ့ မဲအများဆုံးမရခဲ့ပါဘူး။

ဒီကနေ့ မွန်းလွဲပိုင်းမှာ MFP ပါတီ အမှုဆောင်တွေ တွေ့ဆုံပြီး သူတို့ပါတီဦးဆောင် ဖွဲ့စည်းမယ့် ဝန်ကြီးဌာနတွေ အပါအဝင် ညွန့်ပေါင်းအဖွဲ့ အတွက် အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးသွားမယ်လို့ ပီတာ က အသိပေးပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုဖို့ ရက်ပေါင်း ၆၀ အချိန်ယူမှာ ဖြစ်ပြီး ပြည်ပမဲတွေ ပျက်ပြယ်သွားကြောင်း စွပ်စွဲမှုတွေ အပါအဝင် အငြင်းပွားမှုတွေလည်း ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

အခြားကိစ္စရပ်တွေကလည်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ MFP ရဲ့ ရပ်တည်မှုနဲ့ အစိုးရ ဖွဲ့စည်းခွင့်ကို ခြိမ်းခြောက်လာနိုင်ပါသေးတယ်။

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် အမတ်နေရာ အများစုကို MFP က ထိန်းချုပ်ကာ အခြားပါတီ ငါးခုနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ပြီ ဖြစ်ပေမဲ့ ဝန်ကြီးချုပ် နေရာအတွက် အရွေးခံရဖို့က အထက်လွှတ်တော်ရဲ့ ထောက်ခံမဲတွေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် အထက်လွှတ်တော် အမတ် ၇၅၀ မှာ တစ်ဝက်ကျော်ရဲ့ ‌ထောက်ခံမှု ရရှိရမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ထိုင်းစစ်တပ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်မှာ အောက်လွှတ်တော် အမတ် ၅၀၀ နဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အမတ် ၂၅၀ စုစုပေါင်း အမတ် ၇၅၀ ပါဝင်ပါတယ်။

MFP က ဘုရင်စနစ်ကို စော်ကားခြင်းအတွက် အရေးယူဖို့ ပြဌာန်းထားတဲ့ ဥပဒေ ကို ပြင်ဆင်ခြင်း အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ရေးဆွဲမယ်လို့ အဆိုပြုထားတဲ့အတွက် ဝန်ကြီးချုပ် ဖြစ်လာဖို့ အတွက် လိုအပ်တဲ့ ဆန္ဒမဲ ၃၇၆ မဲကို အထက်လွှတ်တော်မှာ ရရှိနိုင်မယ့် အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။

အိမ်စောင့်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ United Thai Nation (UTN) ပါတီ လိုမျိုး ကွန်ဆာဗေးတစ်ပါတီတွေက ပြည်သူ့ဆန္ဒမဲ အနည်းဆုံး ရရှိထားပေမဲ့ အထက်လွှတ်တော်မှာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီတွေကို မျက်နှာသာပေးထားတဲ့ ရွေးကောက်ပွဲဖွဲ့စည်းပုံကြောင့် အာဏာတစ်ကျော့ပြန်ရနိုင်ပါသေးတယ်။

၂၀၂၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ UTN က တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ ပါတီထောက်ခံသူ ဝန်ကြီးချုပ်လောင်းအဖြစ် ပရာယွတ်ကို တင်သွင်းခဲ့ပြီး မဲအရေအတွက် ၄ ဒသမ ၇ သန်းနဲ့ ပြည်သူရွေးချယ်မှု တတိယ အများဆုံး ပါတီ ဖြစ်နေပါတယ်။

UTN က အကြိတ်အနယ် ယှဥ်ပြိုင်မှု များစွာ ရှိနေပေမဲ့ အမတ် ၃၆ နေရာကို အနိုင်ရထားပြီး ဝန်ကြီးချုပ် အဆိုတင်သွင်းဖို့ အနည်းဆုံး လိုအပ်ချက် ၂၅ နေရာကို ကျော်လွန်နေပါတယ်။

တချိန်တည်းမှာပဲ လုပ်ငန်းမလည်ပတ်တော့တဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ ပီတာ ပိုင်ထားတယ်ဆိုတဲ့ အစုရှယ်ယာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဦးမှာ ဖြစ်တာကြောင့် ဒီအချက်ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီစေတဲ့ အချက်တစ်ချက် ဖြစ်သွားနိုင်ပါသေးတယ်။

Ref: The Straits Times

The Tanintharyi Times