ထားဝယ်ထောင်က ထောင်ဝန်ထမ်းတွေကို စစ်သင်တန်းပေးပြီး လက်နက်တွေ ပုံမှန်ထက်ပိုတပ်ဆင်ထား
ထားဝယ်ထောင်က ထောင်ဝန်ထမ်းတွေကို စစ်သင်တန်းပေးပြီး လက်နက်တွေ ပုံမှန်ထက်ပိုတပ်ဆင်ထား
ထားဝယ်အကျဥ်းထောင်က ထောင်ဝန်ထမ်းတွေကကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး မောင်းပြန်သေနတ်တွေ ပုံမှန်အခြေအနေထက်ပိုပြီး တပ်ဆင်ပေးထားတယ်လို့ ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
ယခင်က သာမန်အခြေအနေတွေမှာ လက်နက်ကိုင်ဆောင်လေ့မရှိတဲ့ ထောင်ဝန်ထမ်းတွေဟာ လက်ရှိအချိန်မှာမောင်းပြန်သေနတ်တွေကိုင်ဆောင်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။
“အခုက သေနတ်တွေကို လွယ်ပြီးတောင်သွားနေကြတာ။ ဝန်ထမ်းအားလုံးကို သေနတ်ကိုင်ခွင့်ပေးထားတာတော့မဟုတ်ဘူး။ လူရွေးပြီး ပေးထားပုံပဲ” လို့မျက်မြင်တွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။
မတ်လလောက်ကစပြီး ထောင်ဝန်ထမ်းအမျိုးသားရော အမျိုးသမီးရောကို ထောင်ဝင်းထဲမှာပဲ ရက်တိုစစ်သင်တန်းပေးပြီး အခုလို လက်နက်တပ်ဆင်ပေးလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။
သေနတ်တွေကို လူငယ်နဲ့ လူလတ်ပိုင်းထောင်ဝန်ထမ်းတွေကိုတပ်ဆင်ပေးထားတယ်လို့သိရပါတယ်။
“အစကအဲလိုသေနတ်ကိုင်တာမျိုး မရှိပါဘူး။ ထားဝယ်ထောင်ဝန်ထမ်းတွေ နံပါတ်တုတ်တောင်မကိုင်ကြဘူး။ ထောင်လှန့်တဲ့ရက်တွေမှပဲ G3 လိုသေနတ် လေး၊ ငါး လက်လောက်တွေ့ရတာ” လို့အကျဥ်းသားဟောင်းတစ်ဦးကပြောပါတယ်။
သေနတ်တွေကိုင်ဆောင်ထားတဲ့ ထောင်ဝန်ထမ်းတွေဟာ အကျဥ်းသားတွေကို မဟုတ်တာလုပ်ရင်အကုန်ပစ်သတ်မယ်ဆိုပြီး လက်နက်ကိုင်ခြိမ်းခြောက်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ ထားဝယ်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
ဒါ့အပြင် ထောင်ဝင်းနေရာတချို့မှာလည်း သဲအိတ်တွေကာရံထားပြီး ဘန်ကာပုံစံဆောက်လုပ်ထားတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားစုစုပေါင်း တစ်ထောင်နီးပါးလောက်ရှိနိုင်ပြီး တဝက်ကျော်လောက်ဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တယ်လို့လည်း စောင့်ကြည့်နေသူတွေထံကနေသိရပါတယ်။
