ကျောက်မဲတောင်ရဲစခန်းကို KNDO နဲ့ PDF တွေပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်က နှစ်ဦးထက်မနည်းသေဆုံးပြီး KNDO နဲ့ PDF ဘက်က နှစ်ဦးကျဆုံးခဲ့
ကျောက်မဲတောင်ရဲစခန်းကို KNDO နဲ့ PDF တွေပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်က နှစ်ဦးထက်မနည်းသေဆုံးပြီး KNDO နဲ့ PDF ဘက်က နှစ်ဦးကျဆုံးခဲ့
ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ ကျောက်မဲတောင်ရဲစခန်းကို KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး မေလ ၁၄ ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့ကြပါတယ်။
နံနက် ၇ နာရီဝန်းကျင်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သားတစ်ဦး၊ ရဲတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ဆိုပါတယ်။
KNDO နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ နှစ်ဦးကျဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
KNDO Special တပ်ရင်းက ဗိုလ်ဆယ်ပြား ကျဆုံးခဲ့ပြီး သူကျဆုံးခဲ့တာနဲ့ပတ်သက်လို့ KNU KNLD KNDO Boe Eh Kwee Brigade 4 နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး Facebook Page တွေက ဝမ်းနည်းကြောင်းဖော်ပြထားကြပါတယ်။
ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း ရဲဘော်ဂျပန်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထားဝယ်- မေတ္တာလမ်းတစ်လျှောက်မှာ မနေ့ညကတည်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ဒီနေ့ညနေပိုင်းအထိလက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
