ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာနဲ့မင်းထိန် ရွာကြားမှာ စစ်ကောင်စီတပ်သားတွေကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလ ၁၄ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ကား ၈ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာနှစ်ဆိုင်းမိုင်း ၁၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
” မိုင်းဆွဲခံရပြီးတာနဲ့ အလောင်းတွေကို ကားနဲ့တင်သွားတယ်။ ကျဆုံးခဲ့တဲ့အထဲ အရာရှိတွေများတယ်။ မနေ့က ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲပြီးနယ်မြေရှင်းလင်းရေးလုပ်တော့ စစ်တပ်ဘက်က ကျည်တချို့ ကျန်ခဲ့တယ်” လို့ တောကြီးမြွေဟောက်အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် တပ်ကား ၃ စီးပျက်စီးပြီး တခြား တပ်ကားတွေလည်း ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
တောကြီးမြွေဟောက်အဖွဲ့ဟာ အခုလ ၁၃ ရက်နေ့ကလည်း မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြား တစ်နေရာမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရာမှာတော့ စစ်ကောင်စီတပ်သားတွေကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီး ၆ လုံး တွေ့ခဲ့ရတယ်လို့သိရပါတယ်။
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ သေချာစုံစမ်းပြီးမှသွားလာကြဖို့ကိုလည်း အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times