ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေး ထပ်တက်

ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေး ထပ်တက်

ပုံစာ - ကော့သောင်းမြို့ လေဆိပ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတယ်လို့ ဒေသတွင်းလေယာဥ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။

အခုလ ၁၂ ရက်နေ့က ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေးနှုန်းဟာ ၈၀၀,၀၀၀ ကျပ်ရှိနေရာကနေ ၈၁၀,၀၀၀ ကျပ်နဲ့ ၈၃၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းထပ်မံ မြင့်တက်ခဲ့တာပါ။

“ ပြည်ပခရီးစဥ်ထက် ပြည်တွင်းက ဈေးမတန်တဆတက်လာတာဗျ။ ပြည်တွင်း တခြားခရီးစဥ်တွေ လည်း ဈေးတက်တယ်ဆိုပေမဲ့ ကော့သောင်းလက်မှတ်က တောက်လျှောက်ကို တက်နေတာပါ။ အခုတခေါက်ဈေးတက်ရာမှာဆို ဘိတ်နဲ့ ထားဝယ်မပါဘူး” လို့ ထားဝယ်မြို့အခြေစိုက် ဒေသတွင်း လေယာဥ်လက်မှတ်အရောင်းဌာနတစ်ခုရဲ့ ဝန်ထမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စပိုင်းက ရန်ကုန်-ကော့သောင်းလေယာဥ်မှတ်ဈေးနှုန်းက ၄၅၀,၀၀၀ ကျပ် ဝန်းကျင်မှာရှိခဲ့ပြီး တစ်နှစ်တာကာလအတွင်း လအလိုက်ဈေးတက်လာခဲ့ကာ အခုလက်ရှိမှာ ၈၁၀,၀၀၀ ကျပ်နဲ့ ၈၃၀,၀၀၀ ကျပ်ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဥ်တွေကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းတို့ကနေ တစ်ပတ်ကိုနှစ်ရက်နှုန်းနဲ့ ပြေးဆွဲပေးနေပြီး အဲကမ္ဘောဇလေကြောင်းလိုင်းမှာ ဈေးနှုန်းထပ်တက်တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-ထားဝယ်နဲ့ ရန်ကုန်-မြိတ် လေကြောင်းခရီးစဥ်တွေကတော့ အရင်လက ဈေးနှုန်းတွေအတိုင်းပဲဖြစ်ပြီး ဈေးနှုန်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်-ထားဝယ် လေယာဥ်လက်မှတ်ဈေးနှုန်း ၃၁၆,၀၀၀ ကျပ် ဝန်းကျင်မှာရှိပြီး ရန်ကုန်-မြိတ် လေယာဥ်လက်မှတ် ဈေးနှုန်းက ၄၆၅,၀၀၀ ကျပ် ဝန်းကျင် ဖြစ်တယ်လို့ လေယာဥ်လက်မှတ် အရောင်းဌာနတွေကနေ သိရပါတယ်။

အခုလိုမျိုး လေယာဥ်လက်မှတ်ဈေးနှုန်း အဆမတန်မြင့်တက်တာတွေကြောင့် ဒေသတွင်းလေယာဥ်လက်မှတ်အရောင်းဌာနတွေအနေနဲ့ အခုလပိုင်းထဲ ရောင်းအားကျဆင်းလျှက် ရှိတယ်လို့ ဆိုပါတယ်။

“ အရင်က ကျနော်တို့ ဆီမှာ တစ်ရက်ကိုအစောင်ရေ သုံး/လေးဆယ်လောက် ရောင်းထွက်ရင် အခုလထဲမှာ တစ်ရက်ကို ဆယ်စောင်ပြည့်အောင်တောင် မနည်းရောင်းရတဲ့ အခြေအနေပါ။ တခြားလက်မှတ်အရောင်းဆိုင်တွေလည်း ဒီပုံပဲဗျ” လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

တိုင်းအတွင်း ဒေသခံအများစုဟာ ကျန်းမာရေးကိစ္စနဲ့ အလုပ်ကိစ္စ အရေးကြီးတာကလွဲရင် လေယာဥ်နဲ့ ခရီးမသွားလာကြတော့ဘူးလို့ ဒေသခံတွေနဲ့ လေယာဥ်လက်မှတ် အရောင်းဌာနဝန်ထမ်းတွေက ဆိုပါတယ်။

The Tanintharyi Times