တနင်္သာရီက စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်က နှစ်ရက်ဆက်ဒရုန်းနဲ့ဗုံးကြဲ
တနင်္သာရီက စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်က နှစ်ရက်ဆက်ဒရုန်းနဲ့ဗုံးကြဲ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက်စစ်ကောင်စီတပ်ရင်းကို ဒရုန်းနဲ့နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းကို အခုလ ၁၂ ရက်နေ့ညပိုင်းကနေ ၁၃ ရက်နေ့ညပိုင်းအထိ ဘက်မလိုက်ပြောက်ကျားဒရုန်းတပ်ဖွဲ့က သုံးချိန်ခွဲပြီးသွားရောက်တိုက်ခိုက်ခဲ့တာပါ။
ဗုံးသီးကြဲချတာတွေကို ၁၂ ရက်နေ့မှာ ညလုံးပေါက်၊ ၁၃ ရက်နေ့ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ လက်လုပ်ဗုံးသီး အလုံး ၃၀ လောက်အထိအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။
“စစ်သားတွေကတော့ လုံးဝထွက်မလာဘူး။ ဗုံးသီးချနေချိန် ငြိမ်ကုပ်နေတာ။ ညဘက်တွေအဓိကချတာဆိုတော့ ထိခိုက်ပျက်စီးတာကိုတော့ စုံစမ်းနေဆဲအခြေအနေပါ” လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
၁၃ ရက်နေ့ညပိုင်းက ဒရုန်းချတိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီတပ်ရင်းထဲက ဘန်လောရွာဘက်ကို လက်နက်ကြီး ၅ ချက်ခန့်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် နေအိမ်နဲ့အရပ်သားထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
မနေ့ကညပိုင်းမှာလည်း ညောင်ပင်ကွင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးပြီးနောက် မိနစ်ပိုင်းအကြာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီတိုက်ပွဲအခြအနေ အသေစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ရင်းတွေအပါအဝင် စစ်ကောင်စီတပ်အခြေစိုက်တဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်ကစပြီး တော်လှန်ရေးတပ်တွေဘက်က ပိုမိုလုပ်ဆောင်လာပါတယ်။
အခုလ ၁၁ ရက်နေ့ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာက စစ်ကောင်စီစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း (၂) ကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာအုပ်စုမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆယ်ရက်နီးပါးအကြာအထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
The Tanintharyi Times