ရခိုင်တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ တပ်မမှူးနဲ့ သေဆုံးသွားတဲ့ တပ်မမှူးစာရင်း AA ထုတ်ပြန်

ရခိုင်တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ တပ်မမှူးနဲ့ သေဆုံးသွားတဲ့ တပ်မမှူးစာရင်း AA ထုတ်ပြန်

ဓာတ်ပုံ - AA Info Desk

ရခိုင်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းမိတဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ ဗျူဟာမှူးအပါအဝင် သေဆုံးသွားတဲ့ အရာရှိ စာရင်းတွေကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အခုလ ၇ နဲ့ ၈ ရက်နေ့က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ဖြစ်ပွားခဲ့တဲ့ ရေကြောင်းတိုက်ပွဲမှာ ထွက်ပြေးလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စကခ(၉) က နည်းဗျူဟာ (၃) ရဲ့ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကိုလည်း ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးရမိထားတာပါ။ ဖမ်းဆီးချိန်မှာ ဦးခေါင်းနဲ့ ရင်ဘတ်ဒဏ်ရာရရှိထားကာ သေလုမျောပါး အခြေအနေဖြစ်နေပြီး AA ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာကြောင့် လက်ရှိမှာတော့ ကျန်းမာနေပြီလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကတော့ အခုလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦး ခမရ (၃၇၇) တိုက်ပွဲမှာ သေဆုံးခဲ့သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ပလက်ဝဒေသတိုက်ပွဲမှာလည်း နှုံးဘူးဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပလက်ဝအခြေစိုက် ရှေ့တန်းဌာနချုပ် တစ်ခုဖြစ်တဲ့ စကခ (၁၉) ရဲ့တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကတော့ ကျဆုံးသွားသလား လွတ်မြောက်သွားသလားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ AA ဘက်က ပြောပါတယ်။

ရခိုင်ဒေသရဲ့ တိုက်ပွဲအခြေအနေကတော့ ရမ်းဗြဲမြို့ကို လေကြောင်းကနေ တိုက်ခိုက်မှု မနေ့ကတင် ၁၀ ကြိမ်ကျော် လုပ်ဆောင်ခဲ့သလို ကြည်းတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရေတပ်ကနေလည်း လက်နက်ကြီးနဲ့ တနေ့ကုန် ၁၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့ဝန်းကျင်မှာလည်း ဂျက်လေယာဉ် တစ်စီးပြီးတစ်စီး မရပ်မနား လာရောက်ပစ်ခတ်ခဲ့သလို ဘူးသီးတောင်ဘက်ကနေ အတွဲလိုက် ဒုံးနဲ့ လှမ်းပစ်တာ၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်တွေမြို့နား သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ရသေ့တောင်ရှိ စစ်ကောင်စီစခန်းတွေကို ခုခံကာကွယ်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်မှာလည်း လေယာဉ်နဲ့ ဗုံးကြဲတာ လက်နက်ကြီးပစ်ခတ်တာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်စစ်ပွဲသုံးလကျော်အတွင်း ပလက်ဝဒေသတခုလုံး အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦးမြို့တို့ကို အပြီးသတ် ထိန်းချုပ်ထားနိုင်ခဲ့သလို ဘူးသီးတောင်နဲ့ မောင်တောရှိ နယ်ခြားစောင့်စခန်း များစွာနဲ့ ရမ်းဗြဲနဲ့ အခြားမြို့တချို့က ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့တယ် ထုတ်ပြန်ထားပါတယ်။

ရေကြောင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင် ဒေသမှာ အခုလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော သုံးစီးနဲ့ ဇက်သင်္ဘော နှစ်စီး စုစုပေါင်း သင်္ဘော ငါးစီးကို နစ်မြှုပ်သွားအောင် AA ဘက်က တိုက်ခိုက်နိုင်ခဲ့ပြီး ရေချလို့မရတော့အောင် ပျက်စီးသွားတဲ့ စစ်သင်္ဘော လေးစီး အပါအဝင် စစ်ကောင်စီ စစ်သင်္ဘော ကိုးစီး ပျက်စီးသွားပြီး ဖြစ်ပါတယ်။

The Tanintharyi Times