ကံပေါက်ဒေသခံ အမျိုးသမီး ၃ ဦးပြန်လွတ်လာ

ကံပေါက်ဒေသခံ အမျိုးသမီး ၃ ဦးပြန်လွတ်လာ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ လွန်ခဲ့တဲ့ ၆ ရက်လောက်က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံအမျိုးသမီး ၃ ဦး မနေ့ညက ပြန်လည်လွတ်မြောက်လာပါတယ်။

ပြန်လွတ်လာသူတွေကတော့ မချိုချိုအောင်၊ မမာဝေ နဲ့ မသန်းစိုး တို့ဖြစ်ကြတယ်လို့သိရပါတယ်။

“ညက ၁၁ နာရီလောက်မှာပြန်လာပို့ပေးခဲ့တာပါ။ သူတို့နဲ့တစ်ရက်တည်း ဖမ်းခံလိုက်ရတဲ့ မမီးသန်းကြွယ်နဲ့ သူ့ရဲ့သမီးမရွက်နုဝေတို့ကတော့မလွတ်လာသေးဘူး” လို့​ဒေသခံတစ်ဦးကပြောပါတယ်။

အခုပြန်လွတ်လာသူတွေကတော့ အခုလ ၁၀ ရက်နေ့မနက်ပိုင်းကရဲစခန်းကတဆင့်ရေတပ်ကိုခေါ်ဆောင်သွားခံရတဲ့ အမျိုးသမီး ၅ ဦးထဲကဖြစ်ပါတယ်။

ကံပေါက်မောရဝတီရေတပ်စခန်းထဲမှာ အခုလက်ရှိ အဖမ်းခံထားရတဲ့ ကံပေါက် ဒေသခံတွေကတော့ မမီသက်၊ မအသေးလေး၊ ကိုသက်ဦး၊ မရွက်နုဝေ နဲ့ မမီးသန်းကြွယ်တို့ ၅ ဦး ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့ဆက်သွယ်ခွင့်လည်း မရရှိကြဘူးလို့သိရပါတယ်။ သူတို့ကိုဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်လိုချုပ်နှောင်ထားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

မနေကညသန်းခေါင်ကျော် ၁ နာရီလောက်မှာလည်း စစ်ကောင်စီတပ်သားတွေက ကံပေါက်ဒေသ၊ စက်ကုန်းရပ်ကွယ်ကိုဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကစပြီး ရေတပ်က ဆိုင်ကယ်စီးခွင့်ပိတ်ပင်တာ၊ အစစ်အဆေးတင်းကြပ်တာနဲ့ ဖမ်းဆီးတာတွေကိုပြုလုပ်နေတာ ဖြစ်ပါတယ်။

The Tanintharyi Times