ဗြိတိန်ပိုင်နက်က တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီ မြန်မာစစ်တပ်ကို ဝင်ငွေရှာပေးနေတယ်လို့ JFM ထုတ်ဖော်
ဗြိတိန်ပိုင်နက်က တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီ မြန်မာစစ်တပ်ကို ဝင်ငွေရှာပေးနေတယ်လို့ JFM ထုတ်ဖော်
ဗြိတိန်ပိုင် ရပ်ခြားနယ်မြေကျွန်းစုတွေမှာ မှတ်ပုံတင်ထားတဲ့ Greenway Mining တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ စစ်ကောင်စီပိုင် သတ္တုတွင်းလုပ်ငန်းနဲ့ တွဲဘက် လုပ်ကိုင်နေပြီး ရှယ်ယာဝေစုတွေကို စစ်အုပ်စုထံ ပေးဆောင်နေတယ်လို့ Justice for Myanmar က ထုတ်ဖော်လိုက်ပါတယ်။
တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ Greenway Mining ဟာ ရှမ်းပြည်နယ်မှာ မိုင်းတွင်းနှစ်တွင်း လုပ်ဆောင်နေတာပါ။ မိုင်တွင်းတစ်ခုဖြစ်တဲ့ Aung Jiujia ဟာ မြေအောက် ခဲသွပ်သတ္တုတွင်းဖြစ်ပြီး GPS JV ဟာ မြေအောက် ခဲ ငွေ သတ္တုတွင်းနဲ့ ပြုပြင်ရေး စက်ရုံတို့ ဖြစ်ပါတယ်။
Greenway Mining ကုမ္ပဏီကို အရင်က China Polymetallic Group လို့သာ သိကြပြီး ဗြိတိန်ပိုင် ခေးမန်ကျွန်းစုမှာ မှတ်ပုံတင်ထားကာရုံးချုပ်က တရုတ်နိုင်ငံမှာ ထားရှိတာဖြစ်ပါတယ်။
Greenway Mining ကုမ္ပဏီဟာ Aung Jiujia မိုင်းတွင်းကို မြန်မာမှတ်ပုံတင်ကုမ္ပဏီခွဲကနေတဆင့် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပိုင်ဆိုင်ထားပြီး သတ္တုရိုင်းတန်ချိန် ၁၁၁၅၅၀ နဲ့ ခဲ-ငွေ ဓာတ်သတ္တုတန် ၄၇၅၀ ကျော် ထုတ်လုပ်ခဲ့သလို GPS JV မိုင်းတွင်းမှာလည်း ရှယ်ယာ ၅၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး သတ္တုရိုင်း ၃၉၈၀၀ တန်နဲ့ ခဲ-ငွေ ဓာတ်သတ္တု ၄၄၄၀ တန် ထုတ်လုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီတွေက ဖော်ပြထားပါတယ်။
အဲ့ဒီအချက်အလက်တွေဟာ ၂၀၁၉ ခုနှစ် တနှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ သတ္တုရိုင်း၊ ခဲ၊ ငွေ စာရင်းဖြစ်ပြီး ၂၀၁၈ နဲ့ ၂၀၁၉ နှစ်နှစ်တာအတွင်းမှာတော့ မြန်မာက ထုတ်လုပ်ခဲ့တဲ့ ဓာတ်သတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ရှိတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ချက်ကို ကိုးကားပြီး JFM က ပြောထားပါတယ်။
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အမှတ် ၁ နဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနဲ့အတူ မိတ်ဖက်လုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ Greenway Mining တရုတ်ကုမ္ပဏီဆီက အခွန်ငွေ အားလုံးကို စစ်အုပ်စုက ရနေပြီး မြန်မာပြည်သူတွေကို အကြမ်းဖက်နေတဲ့ ဖြစ်ရပ်တွေဟာ သတ္တုတူးဖော်မှုကရရှိတဲ့ ဘဏ္ဍာငွေက တစိတ်တပိုင်းအားဖြင့် စစ်တပ်ကို ကူညီထောက်ပံ့ပေးနေတာ လို့ JFM ဘက်က ထောက်ပြထားပါတယ်။
အမှတ် ၁ နဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်ထားတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
ဗြိတိန်ဟာ အဆိုပါ ဒဏ်ခတ်မှုကို လုပ်ဆောင်ခဲ့ပေမယ့် ဗြိတိန်နိုင်ငံပိုင် ကျွန်းစုတွေမှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ Greenway Mining သတ္တုတူးဖော်ရေး ကုမ္ပဏီကတော့ UK ရဲ့ အရေးယူဒဏ်ခတ်မှုကို မလိုက်နာဘဲ မြန်မာပြည်မှာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
“စစ်အုပ်စုရဲ့ အဓိကဝင်ငွေရင်းမြစ်တစ်ခု ဖြစ်တဲ့ သတ္တုတူးဖော်ရေးကဏ္ဍအပေါ် ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နှေးကွေးနေတဲ့အတွက်ကြောင့် Greenway ကုမ္ပဏီက စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဆောင်နေနိုင်စေတာ ဖြစ်တယ်” လို့ JFM ပြောခွင့်ရ မရတနာမောင်က ပြောပါတယ်။
၂၀၂၀ နောက်ပိုင်းမှာ Greenway Mining Group ရဲ့ အဓိကရှယ်ယာရှင်တွေဟာ South Manganese Bermuda ဟောင်ကောင် စာရင်းဝင် ကုမ္ပဏီက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဝင်ငွေတွေကို စုံစမ်းဖော်ထုတ်မှု လုပ်ဆောင်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ Greenway ကုမ္ပဏီအနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများနဲ့အညီ စစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းအနေနဲ့ အမှတ် (၁)၊ အမှတ် (၂) သတ္တုတွင်း အပါအဝင် သတ္တုတူးဖော်ရေးကဏ္ဍရှိ စစ်အုပ်စုရဲ့ အဓိကလုပ်ငန်းနဲ့ လူပုဂ္ဂိုလ်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှု ချက်ချင်းချမှတ်ဖို့ တောင်းဆိုထားပါတယ်။

The Tanintharyi Times
