မြန်မာ့ပြဿနာ နောက်ငါးနှစ် ကြာဦးမယ်လို့ ဟွန်ဆန်ပြော

မြန်မာ့ပြဿနာ နောက်ငါးနှစ် ကြာဦးမယ်လို့ ဟွန်ဆန်ပြော

ပုံစာ - ယခုနှစ် အစောပိုင်းက နေပြည်တော်ကို ရောက်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အတူ တွေ့ရစဉ်။

မြန်မာနိုင်ငံက ပဋိပက္ခနဲ့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ နောက်ထပ် ငါးနှစ်လောက် ကြာဦးမယ်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောလိုက်ပါတယ်။

အာဆီယံ-အီးယူ ထိပ်သီးအစည်းအဝေး တက်ဖို့ ဘယ်လ်ဂျီယမ်ကို ရောက်နေတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က ဘရပ်ဆဲလ်မြို့မှာ နေထိုင်တဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ အထက်ပါအတိုင်း ပြောလိုက်တာပါ။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းက အနည်းဆုံး နောက်ထပ်ငါးနှစ်လောက်တော့ ကြာဦးမယ်” လို့ ဟွန်ဆန်က ဆိုပါတယ်။

ဒါ့အပြင် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ပရက်ဆိုခွန်း အနေနဲ့ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် ထပ်ပြီးသွားနိုင်တော့မှာ မဟုတ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌသစ်က မြန်မာ့အရေးကို ဆက်လက် ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်း သူက ထပ်လောင်း ပြောပါတယ်။

“မြန်မာ ပြဿနာအတွက် အဖြေကောင်းရှိတယ်လို့ ထင်ရင် အဲလိုထင်တဲ့သူ ကိုယ်တိုင်သွားပြီး ဖြေရှင်းဖို့ ကြိုးစားသင့်တယ်။ ကျွန်တော့်ရဲ့ သက်တမ်းက ပြီးခါနီးပြီမို့ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန်က မြန်မာနိုင်ငံကို ထပ်မသွားတော့ဘူး” လို့ ဟွန်ဆန်က ပြောပါတယ်။

ယခုနှစ်အတွင်းမှာ အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး တက်ခဲ့စဉ်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် အာဆီယံခေါင်းဆောင်တွေကို သူ့အနေနဲ့ မီးခဲကိုင်ထားရသလို ဖြစ်နေကြောင်း၊ ဒါပေမယ့် မကြာခင် အဲဒီမီးခဲကို အင်ဒိုနီးရှား သမ္မတဆီ လွှဲပေးမှာဖြစ်ကြောင်း မြန်မာ့အကျပ်အတည်းကို ဟာသနှောပြီး ဟွန်ဆန်က ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယားရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အထူးသံ ပရက်ဆိုခွန်းတို့ဟာ မြန်မာ့ပြဿနာ ပြေလည်ရေး စေ့စပ်ညှိနှိုင်းဖို့ အလေးအနက် ကြိုးပမ်းခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီက ကတိကဝတ်တွေကို လျစ်လျူရှုပြီး အရပ်သားတွေကို ကွပ်မျက်တာ၊ တိုက်ခိုက်တာ စတဲ့ ရန်လိုတဲ့ လုပ်ရပ်တွေ မကြာခဏ လုပ်ခဲ့တယ်လို့ ကမ္ဘောဒီးယား သုတေသီတစ်ဦးဖြစ်တဲ့ သောင်မန်ဒေးဗစ်က ပြောပါတယ်။

ကိုးကား – ခမာတိုင်းမ်

The Tanintharyi Times