မောတောင်မြို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

မောတောင်မြို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

ပုံစာ - ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်သားနဲ့ရဲတွေရဲ့ လက်နက်တွေကို ထိုင်းစစ်တပ်ကသိမ်းဆည်းထားတဲ့မြင်ကွင်း။

◾မြို့ကိုလက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဆက်တိုက်ဗုံးကြဲနေ

ထိုင်း-မြန်မာနယ်စပ်က မြိတ်ခရိုင်၊ မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ တပ်မဟာ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူးပဒိုစောအယ်နားက အတည်ပြုပါတယ်။

မောတောင်မြို့ဟာ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်တွေက ပထမဆုံး တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

မောတောင်မြို့ပေါ်က စစ်တပ်စခန်းတွေကို အခုလ ၁၁ ရက်နေ့ကစလို့ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်စခန်းကုန်းကို အပြီးတိုင်သိမ်းပိုက်ပြီး တစ်မြို့ လုံးကို ထိန်းချုပ်လိုက်တာပါ။

“လောလောဆယ်တော့ မြို့ကို ထိန်းချုပ်လို့ရပြီ။ အဓိကစခန်းကိုလည်း ထိန်းချုပ်လို့ရပြီ” လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်း‌ရေးမှူး ပဒိုစောအယ်နားက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မောတောင်မြို့ထဲက စစ်သား ၆၀ ဝန်းကျင်လောက်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ပြီး လက်နက်တွေနဲ့ ထွက်ပြေးသွားတယ်လို့ ပဒိုအယ်နားက ဆက်ပြောပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချအညံ့ခံတဲ့ စစ်သားနဲ့ ရဲတွေလည်းရှိတယ်လို့ ကနဦးသိရပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ပေမဲ့ စစ်တပ်ဘက်ကတော့ ဒီနေ့မွန်းလွဲပိုင်းအထိ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ‌ဒေသခံတွေကဆိုပါတယ်။

“အခု ၁နာရီခွဲလာက်ကို ဒုတိယအကြိမ်ကြဲသွားတယ်” လို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အခုလ ၁၂ ရက်နေ့ကစလို့ မောတောင်မြို့ကို စစ်တပ်ဘက်က ဂျက်ဖိုက်တာတွေ၊ Y-12 လေယာဥ်တွေနဲ့ ဗုံးအလုံးရေ ရာနဲ့ချီပြီး ကြဲနေတာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ရဲ့ စက်သေနတ်တွေ၊ လက်နက်ကြီးစိန်ပြောင်းတွေ၊ လက်နက်ကြီးကျည်ဆံတွေနဲ့ မိုင်းတွေအပြင် စစ်သုံးပစ္စည်းအများအပြားကို တော်လှန်ရေးတပ်ဘက်က သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

မောတောင်မြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာရှိတဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပြီး ထိုင်း-မြန်မာကုန်သွယ်ရေးမှာ အရေးပါတဲ့မြို့တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ မောတောင်မြို့ဘက်ကို စစ်ကူ လာနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တနင်္သာရီ-မောတောင်လမ်းပေါ်မှာရှိတဲ့ သိန်ခွန်းရွာတဝိုက်မှာ ပိတ်ဆို့ပြီး တိုက်ခိုက်နေတာပါ။

အဲဒီအချိန် မောတောင်မြို့ကိုလည်း တော်လှန်ရေးတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် မောတောင်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းနဲ့ ရဲစခန်းတွေဟာလည်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မောတောင်မြို့ခံ ထောင်ဂဏန်းကတော့ နယ်စပ်မျဥ်းအနီးမှာ တိမ်းရှောင်နေကြပြီး စားနယ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

အခုနှစ်အလယ်ပိုင်းကလည်း ထားဝယ်ခရိုင်နဲ့ ထိုင်းနိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ ထီးခီးနယ်စပ်စခန်းအပါအဝင် စစ်တပ်အထိုင်စခန်းအများအပြားကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

The Tanintharyi Times